မော်လမြိုင် ၊ ဩဂုတ် ၂၅

ကိုဗစ်တတိယလှိုင်း ကာလအတွင်း နယ်လှည့် ဆေးကုပေးနေတဲ့အဖွဲ့တွေကို စိစစ်ဖို့ စစ်ကောင်စီ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

နယ်လှည့်ဆေးကုသပေးနေတဲ့ အဖွဲ့တွေကို စိစစ်ရာမှာ အဖွဲ့အစည်း မှတ်ပုံတင်၊ ဆရာဝန်၊ သူနာပြု လိုင်စင်နဲ့ ဝန်ဆောင်မှုပေးစဉ် တည်ဆဲ ဥပဒေတွေကို လိုက်နာမှု ရှိ မရှိ စတဲ့ အချက် ၈ ချက်ကို စစ်ဆေးဖို့ သြဂုတ် ၁၇ ရက်နေ့က ညွှန်ကြားထားတာ ဖြစ်ပါတယ်။

နယ်လှည့် ဆေးကုသပေးနေတဲ့အဖွဲ့‌တချို့ဟာ ကျေးလက်ဒေသတွေမှာ အဆမတန် ငွေကြေးတောင်းယူတာ၊ ဆရာဝန်အတုတွေနဲ့ ဆေးကုသနေပေးတဲ့အတွက်ကြောင့် စိစစ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေးဘက်က ဆိုထားပါတယ်။

“နယ်လှည့်ဆေးကုပေးနေတဲ့အဖွဲ့တွေ စိစစ်ဖို့ ညွှန်ကြားထားတယ်၊ အဓိကကတော့ အတုအဖွဲ့တွေ ရှိနေလို့ စိစစ်ရတာ”လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နယ်လှည့် ဆေးကုပေးနေတဲ့အဖွဲ့ကို စိစစ်မယ်ဆိုရင် ဆရာဝန်တွေအတွက် အခက်အခဲ အများကြီး ရှိလာနိုင်သလို နောက်ပိုင်းမှာ ကုသပေးမယ့်ဆရာဝန် နည်းလာနိုင်တယ်လို့ နယ်လှည့်ဆေးကုသပေးနေတဲ့ ဆရာဝန်တွေက ပြောပါတယ်။

“အခုလည်း ဆရာဝန်နည်းနည်းပဲ အပြင်ထွက်ကုတာ၊ တကယ်လို့ အဲလိုပါ ထပ်ပြီး စိစစ်တာတွေ လုပ်လာမယ်ဆိုရင် ဆရာဝန်ပိုနည်းလာနိုင်တယ်”လို့ နယ်လှည့်ဆေးကုသပေးနေတဲ့ ဆရာဝန် တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ နယ်လှည့် ဆေးကုပေးနေတဲ့အဖွဲ့တွေဟာ ဆေးကုသခွင့်အတွက် ၂ ပတ်ကြိုတင်ပြီး ခွင့်ပြုချက် တောင်းခံရပါတယ်။

ကျန်းမာရေးဘက်ကတော့ အရေးပေါ်ကာလမှာ ခွင့်ပြုအမိန့်ကို အမြန်ဆုံး ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

နယ်လှည့်ဆေးကုပေးတဲ့အဖွဲ့တွေကို စိစစ်မယ့် ကိစ္စရပ်နဲ့ပတ်သက်ပြီး နယ်လှည့်ဆေးကုသခွင့် ရထားတဲ့အဖွဲ့ တာဝန်ရှိသူ တစ်ဦးက အခုလို မှတ်ချက်ပြုပါတယ်။

“သူတို့ကတော့ ဘယ်လို စိစစ်မယ်ဆိုတာ မသိဘူးပေါ့၊ ဒီဟာက တခြားအဖွဲ့တွေအတွက် အခက်အခဲတွေ အများကြီး ရှိလာနိုင်တယ်”လို့ ဆိုပါတယ်။

ပြည်နယ်ကျန်းမာရေးရဲ့ အဆိုအရ မွန်ပြည်နယ်အတွင်းမှာ နယ်လှည့် ဆေးကုသပေးတဲ့အဖွဲ့ကို စိစစ်ရာမှာ ဆရာဝန် အတု ၃ ဦး တွေ့ရှိခဲ့ပြီး နောက်တစ်ကြိမ် မလုပ်ဖို့ သတိပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.