သိမ်ဇရပ်၊ သြဂုတ် ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းတံတား(သစ်)စစ်ဆေးရေးဂိတ် တာဝန်ကျနေတဲ့ လုံခြုံရေးအဖွဲ့ကို အမြှောက်တပ် ဗိုလ်မှူး တစ်ဦးက သြဂုတ် ၂၅ ရက်နေ့ ညပိုင်းမှာ ပါးရိုက်ပြီး သေနတ်မောင်းတင် ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ည ၉ နာရီအချိန်ခန့်က စစ်ဆေးရေးဂိတ်ကို ကျိုက်ထိုဘက်မှ ပဲခူးဘက်ကို မောင်းနှင်းလာတဲ့ လင့်ခရူဆာ အနက်ရောင်ယာဉ် ၁ စီး ရောက်ရှိလာကာ ယာဉ်ပေါ်ကနေ အရပ်ဝတ်နဲ့ လူ ၂ ဦး ဆင်းလာပြီး တစ်ဦးက “မင်းတို့ ငါလာနေတာ မသိကြဘူးလား၊ ငါအမြှောက်တပ်က ဗိုလ်မှူးကွ”ဟုဆိုကာ လုံခြုံရေးတာဝန်ကျ ဒုရဲအုပ် အောင်နိုင်ထွန်းကို ပါး(၅)ချက်၊ ဗိုလ်ကျော်ဇင်ထွန်းကို ပါး (၂) ချက်ရိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သေနတ် မောင်းတင်ခြိမ်းခြောက်ပြီး ဆဲဆိုကြိမ်းမောင်းကာ လုံခြုံရေးဂိတ်မှာ တားဆီးထားတဲ့ အကာအကွယ်တွေ ဖယ်ခိုင်းပြီး ပဲခူးဘက်ကို မောင်းနှင်းသွားတယ်လို့ သိရပါတယ်။

“ညက ဖြစ်တာကတော့ ဆဲဆိုသံတွေလဲ ကြားတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလဲ ပါးရိုက်တာတွေ့တယ်။ ရိုက်တဲ့သူက ဘယ်သူဆိုတာတော့မသိဘူး။ အကောင်ကြီးထဲကပဲ ဖြစ်မယ်”လို့ ဒေသခံတစ်ဦး သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပါးရိုက်သူဟာ အမှတ်(၉၈)အမြှောက်စစ်ဆင်ရေးဌာနချုပ် လက်အောက်ခံ အမှတ်(၂၀၅)တပ်မှ ဗိုလ်မှူး တင်ဇော်လှိုင် ဖြစ်တယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.