မော်လမြိုင်၊ သြဂုတ် ၂၆

မွန်ပြည်နယ်က မြို့နယ် ၁၀ မြို့နယ်စလုံးမှာ စစ်တပ် ထောက်ခံသူတွေကို လူရွေးပြီး သေနတ် ထုတ်ပေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။

စစ်မှုထမ်းဟောင်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေထဲမှာ ရောဂါအခံမရှိသူ၊ ကျန်းမာရေး ကောင်းမွန်သူတွေကို တစ်မြို့နယ် ၃၀ ဦး ရွေးချယ်ပြီး အာဏာသိမ်း စစ်ကောင်စီ ခွင့်ပြုချက်နဲ့ သေနတ်ထုတ်ပေးထားတာ ဖြစ်ပါတယ်။

“ကျွန်တော် သိရသလောက်က ပြီးခဲ့တဲ့လကတည်းက စဖွဲ့ထားတယ်။ စစ်မှုထမ်းဟောင်းတွေပဲ သီးသန့်ဖွဲ့ထားတာ မဟုတ်ဘူး။ စစ်တပ်ထောက်ခံသူ တချို့ပါတယ်။ ရွေးချယ်တာက ဗိုလ်မှူးတွေ ကိုယ်တိုင် လာရွေးတာ”လို့ စစ်တပ်နဲ့နီးစပ်သူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီက အသစ်ဖွဲ့စည်းလိုက်တဲ့ ဒီအဖွဲ့ဟာ ပျူစောထီးအဖွဲ့နဲ့ လုပ်ကိုင်ပုံ အလားသဏ္ဍာန်တူနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီအဖွဲ့ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရ ထောက်ခံသူတွေကို သတင်းယူဖို့၊ ရပ်ကွက်ကျေးရွာတွေမှာ လုံခြုံရေးယူဖို့၊ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တွေကို အဓိက ပစ်မှတ်ထား သတင်းယူဖို့နဲ့ တွေ့ရှိရင် ရှင်းလင်းဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

ဒီအဖွဲ့ဝင်တွေကို စစ်ကောင်စီက ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တိုင်းအတွက် လူသိမခံအောင် လုပ်ဆောင်ကြဖို့ ညွှန်ကြားထားတာပါ။

လက်ရှိမှာတော့ ပြည်နယ်အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ပျူးစောထီးအဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ ထောက်ခံသူ နေအိမ်တွေမှာ ခြိမ်းခြောက်စာတွေ လိုက်လံကပ်နေသလို ဖောက်ခွဲမှုအချို့ လုပ်ဆောင်နေပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.