သထုံ ၊ သြဂုတ် ၂၅

စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆို ဖမ်းဆီးခံရပြီးနောက် အင်းစိန်ထောင်ကနေ ခံဝန်နှင့် လွှတ်ပေးခဲ့တဲ့ အမျိုးသမီးနှစ်ဦးကို သြဂုတ်လ ၂၂ ရက်နေ့မှာ စစ်ကောင်စီက ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။

အသက် ၃၀ အရွယ် မစုမြတ်နွယ်နှင့် အသက် ၂၈ နှစ်အရွယ် မခေမာတို့ဟာ ထောင်ကနေ ပြန်လွှတ်ပြီးနောက် ရန်ကုန်ကနေ သထုံမြို့ သိမ်ကုန်းရပ်ကွက်သို့ ပြောင်းရွှေ့ နေထိုင်နေတာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့မှာတော့ အရပ်ဝတ်တွေနဲ့အတူ စစ်သား အမြောက်အများက ၄င်းတို့နေအိမ်ကို ဝိုင်းပြီး ထပ်မံ ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်အတွင်း နေထိုင်သူတွေက ဆိုပါတယ်။

“အဲနေ့ကတော့ အရပ်ဝတ်တွေနဲ့ အင်အား အများကြီးဘဲ။ နေအိမ်ကို လာရှာတာတော့ တွေ့တယ်။ နောက်မှ စပ်စုကြည့်တော့ အလှပြင်ဆိုင်မှာ လုပ်တဲ့ အမျိုးသမီး ၂ ယောက်ကို ဖမ်းသွားတယ်လို့ သိရတယ်။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာတော့မသိဘူး။ သထုံမှာ ခုတလောက အဖမ်းအဆီးများနေတယ်လို့တော့ တဆင့်စကားနဲ့ ကြားနေရတာပါဘဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ သထုံမြို့က တက်ကြွလှုပ်ရှားသူတွေ ၊ CDM ဝန်ထမ်းတွေနှင့် သံသယရှိသူတွေကို စစ်ကောင်စီက ရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း သထုံမြို့က CDM ဝန်ထမ်း ၆ ဦးနှင့် တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.