မော်လမြိုင်၊ ဩဂုတ် ၂၂

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် ဗမာတိုင်းရင်းသားတို့နှင့်လည်း လက်တွဲပြီး အင်အားပေါင်းစုရန် ဒီကနေ့မှာ ကျရောက်တဲ့ (၇၄) နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာက တိုက်တွန်းလိုက်ပါတယ်။

အစိုးရစစ်တပ်သည် မဟာလူမျိုးကြီးဝါဒကို မြဲမြဲကိုင်စွဲထားပြီး တိုင်းရင်းသားများအပေါ်ဝါးမျိုလို၍ ၁၉၆၂ ခုနှစ်မှစ၍ အာဏာသိမ်းခဲ့ရာမှ ယနေ့တိုင် အာဏာကို လက်မလွှတ်နိုင်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

စစ်တပ်မှ အာဏာသိမ်းခဲ့သဖြင့် ပြည်သူလူထုက ဆန့်ကျင်ဆန္ဒပြခဲ့သောကြောင့် လူထုအား ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ လူထု၏ဓနဥစ္စာများလုယက်ယူငင်ခြင်းများလည်း ပြုလုပ်နေသည့်အပေါ် ထောက်ပြထားပြီး အာဏာသိမ်းအစိုးရအပေါ် ပြည်သူများစွာတို့က အဆက်မပြတ် ဆန့်ကျင် ဆန္ဒပြနေခြင်း၊ တခြားနိုင်ငံများကလည်း ဆန့်ကျင်ပြီး စီးပွားရေးပိတ်ဆို့ဖြတ်တောက်မှုများပြုလုပ်ခြင်း၊ ရိုဟင်ဂျာများနှင့် ဆန္ဒပြတိုင်းရင်းသားပြည်သူများအား သတ်ဖြတ်မှုတို့အတွက် အရေးယူရန်ရှိခြင်းတို့ကြောင့် ရေရှည်ရပ်တည်သွားရန် မဖြစ်နိုင်ကြောင်းကိုလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

အာဏာကိုချုပ်ကိုင်ခဲ့သည့် အာဏာရှင်အဆက်ဆက်တို့မှာ လက်နက်အင်အားကို အသုံးပြုပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို တိုက်ဖျက်လာသည်မှာ နှစ်ပေါင်းများစွာကြာမြင့်လာသော်လည်း တော်လှန်ရေးသမားတို့ ကုန်ဆုံးသွားခြင်းမရှိခြင်း၊ တိုင်းရင်းသားများနှင့် ဗမာလူမျိုးများကြား အမြင်လွဲမှားလာမှုများလာခြင်းအပြင် နိုင်ငံလည်း ဆုတ်ယုတ်ပျက်စီးလာသည့်လမ်းကြောင်းသို့သာ ဥဦးတည်လာခဲ့သည်ဟု ဆိုသည်။

လက်နက်အင်အားဖြင့်တိုက်ခိုက်၍ မရနိုင်မှန်သိပြီး အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးမှုပြုလုပ်နေသော်လည်း ပြေလည်နိုင်မည့် အရိပ်အယောင်မမြင်ရကြောင်း ငြိမ်းချမ်းရေးဆွေးနွေးမှု၏ ခရီးမရောက်မှုကို ထောက်ပြထားသည်။

မွန်အမျိုးသားတို့သည် လွတ်လပ်ရေးရပြီးနောက်ပိုင်း မွန်တိုင်းရင်းသားတို့အတွက်မည်သည့်အခွင့်အရေးမျှမရ၊ မွန်နှင့်ဗမာအတူတူပဲဆိုကာ မွန်လူမျိုးတို့ကို ဝါးမျိုပြီး ဗမာမှုပြုခြင်းခံခဲ့ရကြောင်းဖော်ပြထားသည်။

မွန်တို့၏အခွင့်အရေးသည် မွန်လက်နက်ကိုင်တပ်ဖွဲ့၏ အင်အားတွင် မူတည်နေပြီး လက်နက်ကိုင်တပ်မရှိစဉ်အချိန်က မွန်တို့အနေဖြင့် သမိုင်းမည်မျှခိုင်မာနေပါစေ၊ လူဦးရေမည်မျှများပြားနေပါစေ၊ ရေမြေပိုင်နက်မည်မျှပင်ရှိပါစေ၊ စာပေယဉ်ကျေးမှုမည်မျှမြင့်မားပါစေ၊ မွန်တို့အခွင့်အရေးအနည်းငယ်မျှပင် မရရှိခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။

မွန်လူမျိုးတို့အနေဖြင့်လည်း မိမိတို့အား လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်မပြုခဲ့သည့်အခြေအနေမှ ယခုအချိန်တွင် တခြားသောတိုင်းရင်းသားများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းတို့ကဲ့သို့ တန်းတူဖြစ်လာနိုင်ရန် မျိုးချစ်ပုဂ္ဂိုလ်များစွာတို့ အကုန်ကျခံ၊ အသေခံ၊ ဒုက္ခခံကာ တိုက်ပွဲဝင်ခဲ့ခြင်း၊ ဒုက္ခခံကာ အသက်သွေးပေး၍ တော်လှန်ခဲ့ကြသော ခေါင်းဆောင်၊ သူရဲကောင်းတို့၏ ဂုဏ်ကျေးဇူးကို သိတတ်ကာ ၎င်းတို့၏သမိုင်းကို အသိအမှတ်ပြုကြရန်လည်း တိုက်တွန်းထားသည်။

မွန်တိုင်းရင်းသားတရပ်လုံးအနေဖြင့် မိမိတို့ရည်မှန်းချက်အောင်မြင်ရန် ညီညီညွတ်ညွတ်ကြိုးပမ်းအားထုတ်သွားရန်လိုအပ်သလို တိုင်းရင်းသားညီနောင်အပေါင်းတို့နှင့်လည်း စုပေါင်းညီညွတ်စွာဖြင့် အတူတကွ ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ကြောင်း အဆုံးသတ်တိုက်တွန်းထားသည်။

သတင်း – သံလွင်တိုင်းမ်
ဓါတ်ပုံ – MNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.