တပါတီအာဏာရှင်စနစ်ကို ဦးစီးခဲ့ပြီး မြန်မာပြည်ကို အတိဒုက္ခရောက်အောင် ကြိုးပမ်းခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တွန်းလှန်သည့် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ (၈)ရက်နေ့မှာ စတင်ခဲ့သည့် ကမ္ဘာကျော် ၈၈၈၈ အရေးတော်ပုံကြီးတွင် မော်လမြိုင်က ကျောင်းသားလူငယ်၊ ပြည်သူများလည်း တက်တက်ကြွကြွပါဝင်ခဲ့သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ခေါင်းဆောင်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့တွင် အမျိုးမျိုးသောအဖွဲ့စုံသပိတ်စစ်ကြောင်းများ မြို့တွင်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည့် မြင်ကွင်းမျိုးက လွန်ခဲ့သော (၃၃)နှစ်က ၈၈၈၈ အရေးတော်ပုံ တော်လှန်ရေးဖြစ်စဉ်ကို ပြန်ပြောင်းအမှတ်ရစေခဲ့သည်။

မော်လမြိုင်ပြည်သူတွေ သွေးမြေကျခဲ့သည့် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ (၂၂)ရက်နေ့တွင် တနိုင်ငံလုံးက ပြည်သူများနည်းတူ မော်လမြိုင်ပြည်သူတွေလည်း တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန် သည့် ဆန္ဒပြပွဲများဆင်နွှဲနေခဲ့ကြသည်။

ယင်းနေ့ဆန္ဒပြသူများထဲတွင် ခေတ္တရုပ်သိမ်းလိုက်သော ကျိုက်သုတ်သပိတ်စခန်းကို ပြန်လည် သိမ်းယူရန် ပြင်ဆင်နေခဲ့သူများလည်းရှိနေခဲ့သည်။ ကျိုက်သုတ်သပိတ်စခန်းမှ သပိတ်အင်အားစုများ ရုပ်သိမ်းပြီးအချိန်မှာ ကျိုက်သုတ်သပိတ် စခန်းတွင် စစ်တပ်ကနေရာယူထားချိန်လည်းဖြစ်သည်။

ထိုအချိန်က မော်လမြိုင်တွင် တနေ့တာဆန္ဒပြပွဲများအပြင် ကျိုက်သုတ်သပိတ်စခန်းဖွင့်လှစ်ကာ ညစဉ်ဟောပြောပွဲများဖြင့်လည်း လှုပ်ရှားမှုများရှိနေချိန်ဖြစ်သည်။

ဩဂုတ်လ (၂၂)ရက်နေ့ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်းသည် မြို့တွင်းလှည့်လည်နေပြီးနောက် အောက်လမ်းမကြီးမှ တဆင့် သိပ္ပံလမ်းကို တက်ကာ ဗဟိုလမ်းမှသည် စစ်အုပ်စုမှ တပ်စွဲထားသည့် ကျိုက်သုတ်စေတီတော်အထိ ချီတက်လာနေခဲ့ပြီး ကျိုက်သုတ်ဘုရားရှေ့တွင် စုဝေးကာ သပိတ်စခန်း ဖွင့်လှစ်ရန် တောင်းဆိုဖို့ လုပ်ခဲ့ကြသည်။

သပိတ်စခန်းဖွင့်လှစ်ခဲ့ရာ ကျိုက်သုတ်စေတီတော်

ကျိုက်သုတ်သပိတ်စခန်းကို ရုပ်သိမ်းလိုက်ရခြင်းမှာ ပြည်နယ်ကောင်စီဥက္ကဌ ဗိုလ်မှူးကြီး အောင်ထွန်း နှင့် သပိတ်ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းချက်အရဖြစ်ပြီး သပိတ်စခန်းနေရာကို ကျိုက်သုတ် စေတီနေရာမှ အနီးရှိ ဝေဇယန္တာကျောင်းနေရာသို့ ခေတ္တရွှေ့ပြောင်းခဲ့ခြင်းဖြစ်ကာ ယင်းနောက်တွင် စစ်အုပ်စုက လက်နက်များဖြင့် ဝင်ရောက်အခြေချနေသဖြင့် သပိတ်လှုပ်ရှားသူအများစုက ယင်းနေရာတွင် သပိတ်စခန်းပြန်လည် ဖွင့်လှစ်ရန် ဆန္ဒရှိနေခဲ့ကြသည်။

ညနေ (၄)နာရီဝန်းကျင်တွင် စုဝေးနေသော လူစုသည် ကျိုက်သုတ်စေတီတော်တွင် သပိတ်စခန်း ဖွင့်လှစ်ရန် တောင်းဆိုနေသလို အများစုကလည်း ဗဟိုလမ်းနှင့် ထားဝယ်တံတား လမ်းဆုံရှိရာတွင် စုဝေးဆန္ဒပြနေခဲ့ကြသည်။

ထိုအချိန်တွင် လမ်းဆုံတဖက်ရှိ မွန်စာကြည့်တိုက် (မွန်ယဉ်ကျေးမှုပြတိုက်)နေရာအနောက်ဘက်ရှိ စစ်သားစုဆောင်းရေးနေရာနှင့် ကျိုက်သုတ်စေတီတော်ပေါ်တွင်မူ စစ်တပ်က နေရာယူပြီး ဖြိုခွင်းရန် အသင့်ပြင်နေခဲ့သည်။

ဆန္ဒပြပြည်သူများနှင့် ယင်းနေရာရှိ စစ်အုပ်စုတို့ ညှိနှိုင်းနေချိန် ညနေ (၆)နာရီဝန်းကျင်တွင် ဆောက်လက်စ (မွန်စာကြည့်တိုက်(ခ)မွန်ယဉ်ကျေးမှုပြတိုက်)အနောက်တွင် ရှိနေသော စစ်အုပ်စုသည် တောင်ရိုးတန်းမှာ ဆင်းလာသော ချက်ပလက်ကားကို စတင်ပစ်ခတ်ပြီး လမ်းဆုံတွင် စုဝေးနေသော လူအုပ်ဆီသို့ ပစ်ခတ်သံများ ဆက်တိုက်ပေါ်ထွက်လာခဲ့ကာ အတော်များများမှာ လမ်းပေါ်တွင် အတုံးအရုန်းလဲကျကာ အများစုမှာလည်း ပြေးလွှားခဲ့ကြသည်။

ပစ်ခတ်မှုပြုလုပ်ခဲ့သည့် မွန်စာကြည့်တိုက် (မွန်ယဉ်ကျေးမှုပြတိုက်)နေရာ

ပစ်ခတ်မှုကြောင့် ဆယ်ဂဏန်းချီသော မော်လမြိုင်ပြည်သူတွေ သွေးမြေကျပြီး ကျဆုံးခဲ့ရသလို အများစုမှာလည်း အသက်အန္တရာယ်ရှိသည်အထိ ကြုံတွေ့ခဲ့ရသည်။

သေနတ်ထိသူအများစုမှာ မော်လမြိုင်ဆေးရုံကြီးသို့ ရောက်ရှိခဲ့သလို အချို့မှာလည်း ကျားတံတားနှင့် ဦးဇိနဘုရားလမ်းထောင့်က တော်ဝင်ဆေးခန်းသို့ရောက်ရှိခဲ့ကာ ဆန္ဒပြလူအုပ်စုမှာလည်း ဖရိုဖရဲဖြင့် စုဝေးနေခဲ့ကြသည်။

“ပစ်ခတ်မှုတွေဖြစ်လာတော့ ကျွန်တော်တို့လည်း ပြေးကြရတာပဲ … ၁၅ ဦး ၂၀ ဦးလောက် ကျဆုံးသွား တာ တွေ့တယ် .. ကျွန်တော်တို့ ပြေးလာပြီး အဲ့ဒီအချိန်မှာ တော်ဝင်ဆေးခန်း အနီးမှာ လူစုရှိနေကြတာ … ဆေးခန်းက ဆရာဝန်က စုဝေးနေတဲ့ လူအုပ်ကို ထွက်ပြောတယ် … သေနတ်ထိ လူနာတွေကို တော့ ကျည်ဆံထုတ်ကုသပေးပြီးပါပြီပေ့ါ … အဲ့တော့မှပဲ လူအုပ်စု ထွက်ခွာသွားတယ်Ó လို့ ၁၉၈၈ လူထုအရေးတော်ပုံကာလ မော်လမြိုင်ရဲ့ သံလွင်လှိုင်းနေ့စဉ် သတင်းစာကို ထုတ်ဝေခဲ့သူ ကိုဇော်က သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

မော်လမြိုင်သပိတ်ခေါင်းဆောင် ကိုဝင်းကျော့မှူးကလည်း Òကျွန်တော် အဲ့ဒီညက ဆေးရုံတက်နေတာ၊ ကျွန်တော်ရယ်၊ ကိုလှစိုးရယ် … ဩဂုတ်လ (၂၁)ရက်နေ့ ညမှာ တက်နေတာ … အဲ့ဒီနေ့ (ဩဂုတ် ၂၂)ရက်နေ့မှာ ဆေးရုံကို အလောင်းတွေ၊ သေနတ်ဒဏ်ရာတွေနဲ့ လူနာတွေရောက်လာတာ … ကျွန်တော်တို့လည်း ဆေးသွင်းနေတာတွေဖြုတ်ပြီး ဝိုင်းကူကြတာပေါ့ … ရောက်လာတဲ့ ရဲဘော်အားလုံး အသက်ပါမလာတော့ဘူး … အောင်ကျော်ဦးတစ်ယောက်ပဲ ဗိုက်ပွင့်ပြီး အသက်လုနေတာ … နောက်တော့ သူလည်း ကျဆုံးသွားတယ်Ó လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

ယင်းအချိန်မှာ မှောင်ရီပျိုးစအချိန်ဖြစ်နေပြီး အများပြည်သူတို့၏ စိတ်မှာလည်း မကျေနပ်မှုတွေ ဖြစ်နေခဲ့သည်။

ည (၈)နာရီ ဝန်းကျင်တွင် မော်လမြိုင်မြို့ ကျောက်တန်းကျေးရွာမှ အမျိုးသမီးများစွာဦးဆောင်သော သပိတ်စစ်ကြောင်းတခုချီတက်လာပြီး မြို့မရဲစခန်းကို သွားဝိုင်းပြီး ဆန္ဒပြခဲ့ကြသည်။ ရဲစခန်းကို သွားဝိုင်းစဉ်တွင် အထဲမှ ရဲများက သေနတ်ဖြင့် ချိန်ထားရုံသာရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် စုဝေးနေသော လူစုမှာ ပြန်သွားခဲ့ကြသည်။

ယင်းအချိန်တွင် အောက်လမ်းမကြီးနှင့် ထားဝယ်တံတားလမ်းထောင့်ရှိ သံလွင်လှိုင်းသတင်းစာ ထုတ်ဝေရာ မြို့လယ်ပုံနှိပ်တိုက်သို့ ပြန်လာသော် ကိုဇော်တို့ လူစုနှင့် ယင်းပုံနှိပ်တိုက်အနီးတွင် စုဝေးနေသာ ပြည်သူများထံသို့ အလယ်လမ်းတလျှောက်တွင် အသင့်နေရာယူနေသော စစ်အုပ်စုက ထပ်မံပစ်ခတ်ခဲ့ပြန်သည်။

နောက်ပိုင်းတွင် ယင်းထားဝယ်တံတားလမ်းစုံနေရာကို မော်လမြိုင်ပြည်သူတွေက အာဇာနည်ကုန်း အဖြစ် သတ်မှတ်ခဲ့ပြီး လွမ်းသူ့ပန်းခွေချခြင်း၊ ဆုတောင်းခြင်းများ လာရောက်ပြုလုပ်ခဲ့ကြသည်။

ဩဂုတ်လ (၂၂)ရက် ပစ်ခတ်ခံရမှုကြောင့် ကျဆုံးခဲ့သော ပြည်သူများ၏ အလောင်းများကို ထမ်းကာ မြို့လှည့်ရန် ကြိုးပမ်းခဲ့သော်လည်း သပိတ်ဦးဆောင်သူများနှင့် ညှိနှိုင်းမှုကြောင့် ယင်းအစီအစဉ်အစား ထိုအချိန်က မော်လမြိုင်သုဿန်ဖြစ်ခဲ့သော မြေနီကုန်းသုဿန်မှာပဲ စိန်မမဆရာတော်ကြီးက တရားနာ ရေစက်ချပြီး နာရေးကိစ္စကို အပြီးသတ်ခဲ့ရတယ်လို့ မော်လမြိုင်သပိတ်ခေါင်းဆောင် ကိုဝင်းကျော့မှူးက ပြောပါတယ်။

ယင်းပစ်ခတ်မှုကို ထိုအချိန်က မြို့မှာ တာဝန်ယူထားသော မြို့နယ်ပါတီယူနစ်ဥက္ကဌ ဦးဟန်ရင်နှင့် မြို့နယ်ကောင်စီဥက္ကဌ ဒုဗိုလ်မှူးကြီး စိုးလှိုင် (ရေ)က ညွှန်ကြားခဲ့သည်ဟု ဆန္ဒပြပြည်သူအားလုံးက ယူဆခဲ့ကြသည်။

ပစ်ခတ်မှု၊ ပြည်သူသွေးမြေကျမှုတို့ကြောင့် မော်လမြိုင်ပြည်သူတွေ ညတွင်းချင်းပင် အများပြည်သူအပေါ်နှိပ်စက်ပြုမူခဲ့ကြသည့် ပါတီယူနစ်အဖွဲ့ဝင်အိမ်များနှင့် ကောင်စီဝင်အိမ်များကို ဝင်ရောက်ဖျက်ဆီးကာ တုန့်ပြန်ခဲ့ကြသည်။

ယင်းအချိန်က အများပြည်သူအကြားကုန်ပစ္စည်းများ ရရှိမှု ခက်ခဲနေကြသော်လည်း ပါတီယူနစ်အဖွဲ့ဝင် နေအိမ်အတွင်းတွင်မူ သိမ်းဆည်းသိုဝှက်ထားသည့် ပစ္စည်းများစွာတွေ့ခဲ့ရသည်ဟု ကိုယ်တိုင်တွေ့ခဲ့သူအချို့က ပြောပြသည်။

တပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်တို့၏ ဆိုးကျိုးကား အများပြည်သူတို့အပေါ် ယနေ့တိုင် သက်ရောက်နေဆဲဖြစ်သည်။

ယင်းအချိန်က မော်လမြိုင်ရှိ တက်ကြွလှုပ်ရှားသူများ၊ သပိတ်ခေါင်းဆောင်များနှင့် မျိုးဆက်သစ်တို့ သည် ၈၈၈၈ နှစ်ပတ်လည်နေ့ ရောက်တိုင်း အထိမ်းအမှတ်အောက်မေ့ဖွယ်များကျင်းပကြကာ ဆုတောင်းအမျှဝေကြသလို ဩဂုတ်လ(၂၂)ရက်နေ့ရောက်တိုင်းလည်း နှစ်စဉ် အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

မော်လမြိုင်မြို့ တောင်ပေါက်ကျောင်းမှာ ကျင်းပခဲ့သည့်
၃၂ နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်အခမ်းအနား

မော်လမြိုင် ရှစ်လေးလုံးအင်အားစုများက ၈၈၈၈ အရေးတော်ပုံ (၃၁)နှစ်ပြည့်သည့်နေ့မှ စပြီး အများပြည်သူ ကျဆုံးခဲ့သည့် နေရာဖြစ်သည့် ဗဟိုလမ်းနှင့် ထားဝယ်တံတားလမ်းဆုံနေရာ ထောင့်တွင် အထိမ်းအမှတ်နံရံတစ်ခုထားရှိ ဂုဏ်ပြုရန် ပြင်ဆင်ခဲ့ကြသော်လည်း ပြီးခဲ့သော NLD အစိုးရလက်ထက်အထိ အဆင်မပြေဖြစ်ခဲ့ရကာ အထိမ်းအမှတ်နံရံလည်း မလုပ်ဆောင်နိုင်ခဲ့သေးပေ။

ဒီမိုကရေစီအရေး လူထုတော်လှန်ရေးခရီးကား မပြီးသေးသလို နှစ် (၃၀)ကျော်အကြာတွင် တကျော့ပြန် လူထုတော်လှန်ရေးက ထပ်မံပေါ်ထွက်လာပြန်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၇)ရက်နေ့မှ စပြီး မော်လမြိုင်လူထု၏ ဆန္ဒပြပွဲများသည် အရှိန်အဟုန် ကောင်းစွာဖြင့် ပေါ်ပေါက်လာခဲ့သလို ဖေဖော်ဝါရီ (၂၂)စုဝေးမှုသည် မော်လမြိုင်သမိုင်းတွင် လူထုစုဝေးမှုအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ရလောက်သည်အထိ လူထု၏ စစ်အာဏာရှင်စနစ်တုန့်ပြန်မှုနှင့် လူထု၏ ဒီမိုကရေစီတောင်းဆိုသံက အမြင့်မားဆုံးရှိခဲ့သည်။

လူထုတော်လှန်ရေးကား မပြီးသေးချေ၊ ကျဆုံးခဲ့သူများအတွက် တရားမျှတမှုမရရှိခဲ့သေးချေ၊ ယင်းအပြင် နှစ်(၃၀)အကြာတွင် မော်လမြိုင်မြို့၌ လူထုသွေးမြေကျမှု ထပ်မံပေါ်ထွက်ခဲ့ရပြန်သည်။ ယင်းကား ဖေဖော်ဝါရီလ (၂၈)ရက်နေ့၊ လူထုဆန္ဒပြမှုကို ဖြိုခွင်းခဲ့သည့် စစ်အုပ်စု၏ လက်ချက်ကြောင့် လူငယ်တဦးဖြစ်သူ မောင်ဇင်မျိုးသူမှာ နှဖူးဖောက်ထွက်ဒဏ်ရာဖြင့် ကျဆုံးခဲ့ရပြန်သည်။

အောက်မေ့ဖွယ် အထိမ်းအမှတ်နံရံတွင် ဖော်ပြမည့် ကြေးပြားပုံ

သံလွင်အေး

(ယခုဖော်ပြချက်အတွက် အချက်အလက်ပြောပြပေးခဲ့သည် ရှစ်လေးလုံးကာလမော်လမြိုင်သပိတ်ခေါင်းဆောင် ကိုဝင်းကျော့မှူးနှင့် ကိုကျော်မိုး၊ သံလွင်လှိုင်းသတင်းစာမှ ကိုဇော်တို့ကို အထူးကျေးဇူးတင်ရှိပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.