မော်လမြိုင်၊ ဩဂုတ် ၂၀

ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ကြပ်တည်းမှုတွေနှင့်အတူ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် အ​ခြေခံလုပ်သားတွေရဲ့ ဝင်ငွေတွေ လျော့ကျပြီး စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

မော်လမြိုင်မြို့မှာ အရပ်သားတွေ နေအိမ်ပြင်ပသွားလာရင် သက်ဆိုင်ရာက ခွင့်ပြုတဲ့ ကတ်ပြား ပါရမယ်လို့ စည်းကမ်းချမှတ်ထားပြီး ကတ်မပါရင် အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါ့အပြင် မြို့ပေါ်လမ်းမတွေမှာလည်း စစ်ဆေးရေးတွေ တင်းကြပ်လာတဲ့အတွက် အပြင်ထွက် သွားလာသူတွေ နည်းပါးပြီး လမ်းတွေဟာ ခြောက်ကပ်နေပါတယ်။

ဒါ့ကြောင့် တက္ကစီမောင်းသူတွေနဲ့ သုံးဘီးမောင်းသူတွေဟာ ခရီးသည် မရှိတော့လို့ တွက်ချေမကိုက် ဖြစ်နေပါတယ်။

“လက်ရှိကိုဗစ်စတာနဲ့ စစ်ကောင်စီကလည်း Stay at Home သတ်မှတ်လိုက်တော့ ကျွန်တော်တို့ တက္ကစီသမားတွေက ခုက တစ်ရက် ၅ ရာ ၁ ထောင်ပဲ ရတော့တယ် အရင်ကတော့ ၄ ထောင် ၅ ထောင်တော့ရတာပေါ့” လို့ မော်လမြိုင်က အငှားယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီဇယ် တစ်လီတာကို ပေါက်စျေး ၁၀၇၅ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာကို ၁၀၈၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာကို ၁၁၂၅ ကျပ် နဲ့ အောက်တိန်း ၉၅ တစ်လီတာကို ၁၁၉၅ ကျပ် ပေါက်စျေးရှိနေပါတယ်။

အခုလို ဝင်ငွေမရှိတဲ့ကာလမှာ ဆီစျေးတွေအပြင် ကုန်စျေးနှုန်းတွေကပါ ဆက်တိုက်မြင့်တက်လာတော့ အရှုံးပေါ် အရှုံးဆင့်ပြီး အကြွေးပတ်လည် ဝိုင်းနေပြီလို့ တက်စီမောင်းသူတွေက ဆိုပါတယ်။

“အကြွေးတွေ ပတ်လည်ဝိုင်းနေတယ် ခုဆိုစျေးလျော့ပြီးတောင် မောင်းပေးနေရတယ် ဆီစျေးများတဲ့ ကြားကနေ အရင်က ၃ ထောင် တန် ခရီးကို ၂ ထောင်နဲ့ မောင်းပို့ပေးနေရတယ်” လို့ ၎င်းက ပြောပါတယ်။

သြဂုတ်လ ၂၀ရက်နေ့အထိ စာရင်းတွေအရ မွန်ပြည်နယ်မှာ ကိုဗစ် အတည်ပြုလူနာ ၁ သောင်းကျော် ရှိပြီး အဲ့ထဲကမှ လူနာ ၁ ထောင်နီးပါး သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – ကိုဗစ် ပထမလှိုင်း ဖြစ်ပွားစဥ်က မော်လမြိုင် မြို့တွင်း သွားလာလှုပ်ရှားမှု

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.