မော်လမြိုင်၊ ဩဂုတ် ၂၀
မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ် အများစုမှာ စစ်ကောင်စီက လုံခြုံရေး အကြောင်းပြချက်နဲ့ ပိတ်ဆို့စစ်ဆေးမှုတွေကို ပိုမိုတင်းကြပ်ပြီး ခပ်စိတ်စိတ် လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်က ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေဟာ အခုနောက်ပိုင်းမှာ ပျောက်ကြားစနစ်နဲ့ လှုပ်ရှားလာတော့မယ်လို့ ထုတ်ပြန်ပြီးနောက်မှာ စစ်ကောင်စီက လုံခြုံရေးကိုအခုလို တင်းကြပ်ခဲ့တာပါ။
မော်လမြိုင်မြို့က မီးပွိုင့်တွေမှာ အရပ်ဝတ်တွေနဲ့ စစ်အုပ်စု ဘက်တော်သားတွေက ကား၊ဆိုင်ကယ်တွေကို စစ်ဆေးနေတာတွေရှိတယ်လို့ စစ်ဆေးခံခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လွှတ်တော်နားက မီးပွိုင့်မှာ လက်နက်ကိုင်ဆောင်ပြီး အရပ်ဝတ်တွေနဲ့ စစ်ဆေးနေတယ်၊ ညဘက်လည်း ယာဉ်တန်းတွေနဲ့ လှည့်စစ်တာတွေရှိတယ် ” လို့ ၎င်းက ဆိုပါတယ်။
ပေါင်မြို့နယ်ဘက်မှာလဲ ဒီရက်ပိုင်းမှာ ညဘက် လုံခြုံရေး ယာဉ်တန်းလှည့်လည်တာ အရင်ကထက် ပိုတင်းကြပ်လာပြီး အရပ်ဝတ်တွေနဲ့ ထောက်လှမ်းနေတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်ကတော့ အချိန်ကျော်လဲ သူတို့က စစ်ချင်မှ စစ်တာ ခုကျအကုန်လုံးကို စစ်တာ သူတို့ အင်အားတွေလည်း ပိုများလာတယ်”လို့ ဆိုပါတယ်။
ဒါအပြင့် ပြည်နယ်တဝှမ်းက ရဲစခန်းတွေမှာ လည်း စခန်းလုံခြုံရေးတွေကို ပိုမို တင်းကြပ်လာပါတယ်။
“ဒီနောက်ပိုင်း ရဲစခန်းမှာ အကာကွယ်တွေ ချပြီး လုံခြုံရေးပိုလုပ်လာတယ် သူတို့တွေ ဘာတွေကြောက်နေမှန်းမသိ” ဟု ချောင်းဆုံမြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
သထုံခရိုင်ဘက်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်နဲ့ စစ်ကောင်စီကြား ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီရက်ပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပြည်သူတွေအား မတရား ဖမ်းစီးတာတွေကို ပိုမိုလုပ်ဆောင်လာပါတယ်။
ယင်းအပြင် ရေးမြို့ မှာလည်း စစ်တပ် နဲ့ ရဲက ဩဂုတ်လ ၁၉ ရက်နေ့ညပိုင်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေစဥ် ရပ်တန့်မပေးတဲ့ ပြည်သူတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ လွှတ်မြောက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့မှာလဲ နေရာအများစုမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကနေရာယူ စစ်ဆေးတာတွေကို ပိုမိုလုပ်ဆောင်လာပါတယ်။
မွန်ပြည်နယ်မှာတော့ လူ ၅ ယောက်ထက်ပိုပြီး လူစုလူဝေးမလုပ်ဖို့နဲ့ ညမထွက်ရ အမိန့်ကို မော်လမြိုင်မြို့နယ်မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ကန့်သတ်ထားပြီး ကျန်မြို့နယ်တွေကိုတော့ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ကန့်သတ်ထားပါတယ်။
စစ်ကောင်စီက လုံခြုံရေးကို တင်းကြပ်နေပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီ သတင်းပေး (ဒလန်) တွေနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ယခုရက်ပိုင်းမှာ လုပ်ကြံခဲ့ကြပါတယ်။
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒထုတ်ဖော်ခဲ့လို့ ပြည်သူ ၄၀၀ ကျော် မတရားဖမ်းဆီး ခံထားရပြီး အဲ့ဒီထဲက ၂၇ ဦးကို အမှုရုတ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်