မော်လမြိုင်မြို့က မော်လမြိုင်အကျဉ်းထောင်မှ
အကျဉ်းသားများ လွှတ်ပေးသည့် မြင်ကွင်းတခု

မော်လမြိုင် ၊ သြဂုတ် (၂၀)

မွန်ပြည်နယ်က အကျဥ်းထောင်တွေမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ (၁၀၀)ကျော် ရှိနေပြီး အကျဥ်းသား (၂) ဦး သေဆုံးခဲ့တယ်လို့ ဖမ်းဆီးထံထားရသူတွေကို ကူညီနေတဲ့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။

ကိုဗစ်နှင့် သေဆုံးခဲ့တဲ့ အကျဥ်းသား(၂)ဦးဟာ မည်သူ ဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကိုဗစ် ကူးစက်ခံရတဲ့ အကျဥ်းသားတွေကို ထောင်တွင်းဆရာဝန်နဲ့ပဲ ကုသနေတယ်လို့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ထောင်အတွင်းမှာ ကိုဗစ်ဖြစ်ပွား နေတယ်လို့တော့ ကြားထားတယ်၊ လက်ရှိဆိုရင် (၁၀၀)ကျော်လောက်တော့ ရှိမှာပေါ့၊ သေဆုံးတာ ဆိုရင်လည်း (၂)ယောက်လောက် ရှိတယ်လို့တော့ ကြားတယ်၊ ထောင်တွေမှာ ထောင်ဆရာဝန်တွေ ရှိတယ်ဆိုတော့ အဲ့ဒီမှာပဲ ကုနေတယ် လို့တော့ သိရတာပေါ့”လို့ အကျဥ်းသားတွေကို ကူညီနေတဲ့ ရှေ့နေတစ်ဦးက ဆိုပါတယ်။

ဒါပေမယ့် မွန်ပြည်နယ် အကျဥ်းဦးစီးဌာနကတော့ ထောင်တွင်းမှာ ကိုဗစ် ကူးစက်ခံထားရသူတွေ မရှိဘူးလို့ ငြင်းဆိုပါတယ်။

“ထောင်တွေမှာ ကိုဗစ်ဖြစ်ပွားမှု လောလောဆယ် မရှိပါဘူး ခင်ဗျ၊ တစ်ယောက်မှလည်း သေဆုံးတာ မရှိပါဘူး၊ (၁၀၀)ကျော်လည်း ဖြစ်ပွားတာ မရှိပါဘူး၊ တခြားရောဂါတော့ ဟိုတစ်လောက တုပ်ကွေးဖြစ်တာတော့ ရှိတာပေါ့၊ အခုတောင် အကုန်လုံးက အကောင်းကြီး ပဲလေ၊ ဖြစ်ပွားလို့ ရှိရင်လည်း ကုသပေးဖို့ Quaeantineဆောင်တို့ ဘာတို့က အသင့် လုပ်ထားပြီးသားပါဗျ၊ ကုသဖို့အတွက်က ထောင်ဆရာဝန် တွေတော့ ရှိတာပေါ့”လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းမှာ အကျဥ်းကျခံနေရသူ (၃၀၀၀)နီးပါးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားပြီး တုပ်ကွေးရောဂါဖြစ်နေတဲ့ အကျဥ်သား အချို့ကိုတော့ ကာကွယ်ဆေး မထိုးပေးရသေးဘူးလို့ အကျဥ်းဦးစီးဌာနက သံလွင်တိုင်းမ်ကို ပြောဆိုခဲ့ပါတယ်။

မွန်ပြည်နယ်မှာတော့ အကျဉ်းထောင်၊ အချုပ်ထောင်၊ ကျောက်ထုတ်စခန်းနဲ့ စိုက်ပျိုးစခန်း စုစုပေါင်း (၁၀)ခုရှိပြီး အကျဉ်းသူ၊ အကျဉ်းသားနဲ့ အချုပ်သူ၊ အချုပ်သားပေါင်း (၃၁၄၀)ဦး ရှိပါတယ် ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.