မော်လမြိုင် ၊ သြဂုတ် (၂၀)

သြဂုတ်လ (၁၈)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မော်လမြိုင် တက္ကသိုလ်မှာ အာဏာသိမ်းစစ်ကောင်စီက အတင်းအကြပ်ဖွင့်ခိုင်းခဲ့တဲ့ အတန်းတွေရဲ့အောင်စာရင်းတွေကို အသိအမှတ် မပြုဘူးလို့ မနေ့ညပိုင်းမှာ မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အဆိုပါ အောင်စာရင်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မရမက ဖွင့်လှစ်ခဲ့တဲ့ ပါရဂူ ဘွဲ့အကြို၊ မဟာတန်း၊ ပဉ္စမနှစ်၊ စတုတ္ထနှစ်နဲ့ ဂုဏ်ထူးတန်းတွေအတွက် ထုတ်ပြန်တဲ့ အောင်စာရင်း ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တက္ကသိုလ်ပြန်တက်တဲ့ ကျောင်းသားတွေရဲ့ အဖြေလွှာတွေကို မအောင်မနေရ ပုံစံမျိုး စစ်ခိုင်းခဲ့ပြီး‌နောက် အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က စစ်ကောင်စီရဲ့ မအောင်မနေရ မော်လမြိုင် တက္ကသိုလ် အောင်စာရင်း ထုတ်ပြန်မှုကို အချက်အလက် စိစစ်ရာမှာ ပဉ္စမနှစ် ဥပဒေဘာသာက တက်ရောက်သူ ၄၃ ဦးမှာ ၄၂ ဦးစလုံး အောင်မြင်ခဲ့ပြီး စာမေးပွဲ လာမ‌ဖြေသူ တစ်ဦးသာ ကျရှုံးခဲ့တာပါ။

ဒါ့အပြင် ဘာသာရပ်အလိုက်နဲ့ အတန်းအလိုက် အောင်စာရင်း စိစစ်ရာမှာလည်း စာမေးပွဲဖြေဆိုသူ ကျောင်းသူ၊ကျောင်းသား အားလုံး အောင်မြင်နေတာ တွေ့ရပါတယ်။

အခုလို အခြေအနေတွေကြောင့် စစ်ကောင်စီလက်အောက်မှာ ကျောင်းတက်တဲ့ ကျောင်းသူကျောင်းသားတွေရဲ့ အောင်စာရင်း အပါဝင်
ဘွဲ့ ၊ ဒီဂရီနှင့် အတန်းတင်မှု အားလုံးကိုလည်း အသိအမှတ် ပြုမှာ မဟုတ်ဘူးလို့ မော်လမြိုင် တက္ကသိုလ် ကြားကာလ ယာယီအုပ်ချုပ်ရေးကောင်စီက ဆိုပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.