မော်လမြိုင်၊ ဩဂုတ် ၂၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ဝင်ထွက် သွားလာခွင့်ကို ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး စတင် ကန့်သတ်ထားတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ချောင်းဆုံမြို့နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ထွက်သွားလာခွင့်ကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
ချောင်းဆုံမြို့နယ်အတွင်း လာရောက်သူတွေဟာ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ခရီးသွားလာခွင့် ထောက်ခံချက် ပါရရှိရမှာ ဖြစ်ပါတယ်။
“မနေ့ကစပြီး ချောင်းဆုံအဝင်မှာ စစစ်နေတယ်၊ ခရီးသွားလာခွင့်ကဒ်မပါရင် ပြန်လွှတ်နေတာ ရှိတယ်”လို့ ချောင်းဆုံဒေသခံ တစ်ဦးက ဆိုပါတယ်။
ဒါအပြင် ချောင်းဆုံမြို့နယ်အတွင်း နေထိုင်သူတွေအနေနဲ့လည်း မြို့နယ်အတွင်း သွားလာရင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ပါရှိရမှာ ဖြစ်ပါတယ်။
ချောင်းဆုံမြို့နယ်မှ ကျန်းမာရေးအရ မော်လမြိုင်ဆေးရုံသို့ လူနာလွှဲပြောင်းရာမှာလည်း ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ကျန်းမာရေး ထောက်ခံချက်၊ လူနာပို့ရင် ဆေးရုံထောက်ခံချက်၊ ဆရာဝန်ထောက်ခံချက်တွေ ပါရှိရမှာ ဖြစ်ပါတယ်။
“ချောင်းဆုံအဝင်မှာ စစ်နေတယ်၊ ကျွန်တော်တို့ လူမှုကယ်ရေးအဖွဲ့တွေလည်း အခုနောက်ပိုင်း ထောက်ခံစာပါမှ သွားလို့ရတယ်”လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ချောင်းဆုံမြို့နယ်မှာ ဩဂုတ်လ ၁၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၃၀၀ နီးပါး တွေ့ရှိထားပြီး၊ သေဆုံးသူ ၈၀ ကျော် ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်