မော်လမြိုင် ၊ ဧပြီ (၁၀)

သတင်းအမှောင်ချဖို့ ရည်ရွယ်ချက်ဖြင့် မိုဘိုင်းအင်တာနက်တွေကို ဖြတ်တောက်ထားတဲ့အပြင် မြန်မာနိုင်ငံရဲ့ ရုပ်သံသတင်းဌာနနှစ်ခုဖြစ်တဲ့ DVB နှင့် Mizzima တို့ရဲ့ ရုပ်သံ သတင်းတွေကို အခမဲ့ထုတ်လွှင့်ပေးနေတဲ့ PSI စက်အသုံးပြုမှုကို အကြမ်းဖက် စစ်အုပ်စုက တားမြစ်ပိတ်ပင်နေပါတယ်။

မွန်ပြည်နယ်အတွင်း မြို့နယ်တွေက PSI  စက်အရောင်းဆိုင်တွေကို ဆက်လက်မရောင်းချဖို့နဲ့ PSI တပ်ဆင်ထားတဲ့ အိမ်တွေမှာ စလောင်းပြန်လည်ဖြုတ်ပေးဖို့ အကြမ်းဖက် စစ်အုပ်ရဲ့လက်အောက်ခံ ရဲတပ်ဖွဲ့က ဖိအားပေး ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီလ (၈)ရက်နေ့မှာလည်း PSI စက်အရောင်းကိုယ်စားလှယ်ဆိုင်တချို့ကို ရဲတပ်ဖွဲ့က လာရောက်ကာ ဆက်လက်မရောင်းချဖို့ ဝန်ခံကတိထိုးခိုင်းပြီး ဆိုင်က PSI စစ်တွေကိုလည်း သိမ်းဆည်းသွားတယ်လို့ အရောင်းကိုယ်စားလှယ်တချို့က ဆိုပါတယ်။

“သူတို့လာတယ်။ ရဲရယ်၊ ဌာနဆိုင်ရာ‌ရယ်၊ ဆိုင်မှာ ရှိတဲ့ စလောင်းတွေကို သူတို့သိမ်းသွားတယ်။ ဘာ်နေ့ပြန်ပေးမယ်ဆိုတာလည်း မပြောဘူး။ ဒီစလာင်းက နိုင်ငံတော်ကို အခွန်မဆောင်ထားဘူး။ အဲဒါကြောင့် သိမ်းသွားမယ်။ တကယ်လို့ မလိုက်နာရင် ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူမယ်ပြောတယ်။ ပြီးတော့ ဆက်လက်ရောင်းချခြင်းမပြုလုက်ကြဖို့ ဝန်ခံကတိလက်မှတ်ထိုးခိုင်းတယ်”လို့ အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း ကျိုက်မရော အပါအဝင်မြို့နယ်တချို့က နေအိမ်တွေမှာ PSI စက် တပ်ဆင်ထားလားဆိုတာကို ရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးနေပြီး တပ်ဆင်ထားတာတွေ့ရင် ချက်ချင်းဖြုတ်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၉ ရက်နေ့ကပေါ့၊ ရဲ‌တွေ အိမ်ကိုလာတယ်။ အဲဒီစလောင်းတွေကို ချက်ချင်းဖြုတ်၊ မဖြုတ်ရင် ဥ‌ပဒေအရအရေးယူမယ်။ သူတို့က တရားဝင်အခွန်မဆောင်ထားဘူး။ ကျွန်မတို့လည်း ကြောက်ကြောက်နဲ့ ဖြုတ်လိုက်ရတယ်။ နောက်ဆို တပ်ထားတဲ့ အိမ်ရှိရင်လည်း ပြောပြပါ။ အကုန်လုံးကို ဖမ်းမယ်၊ မလိုက်နာတဲ့ဘအိမ်တွေကို ဥပဒေက ဥပဒေပဲ။ နောက်ပိုင်းလည်း ရောင်းတဲ့သူရော၊ တပ်ထားတဲ့အိမ်ရော နေ့တိုင်းလိုက်စစ်ဆေးမယ်”လို့ ဖိအားပေးခံခဲ့ရတဲ့ PSI စက်အသုံးပြုသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို အကြမ်းဖက် စစ်အုပ်စုရဲ့ ဖိအားပေးမှုတွေကြောင့် PSI ကုမ္ပဏီကတော့ သူ့ရဲ့စက်မှာ Mizzima နှင့် DVB သတင်းဌာနတို့ရဲ့ ရုပ်သံထုတ်လွှင့်မှုတွေကို ယာယီရပ်နားထားမယ်လို့ ဧပြီလ (၉)ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.