မော်လမြိုင် ၊ မတ် (၁၂)

မွန်ပြည်နယ်အတွင်းစျေးကွက်မှာတော့ စားသောက်ကုန်တွေ အရောင်းအဝယ်အေးနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလအစောပိုင်းမှာတော့ စားသောက်ကုန်တွေကို ပြည်သူတွေက အလုအယက် ဝယ်ယူခဲ့ကြလို့ စျေးကွက်မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ဆန်ဆိုင်တွေမှာ အရောင်းအဝယ်အေးနေပြီး ယခုရက်ပိုင်းအတွင်း ဝယ်သူက မရှိသလောက် ဖြစ်နေတယ်လို့ ဆန်ရောင်းသူတွေက ပြောပါတယ်။

“ယောက်ယက်ခတ်ပြီးတော့ လူတွေစိတ်ပူပြီးတော့ ဝယ်လိုက်ကြတဲ့ ဆန်အနေအထားကလည်း သူတို့ အတိုင်းအတာတစ်ခုတော့ အိမ်ထဲရောက်ကြတော့ အခုတွေ့တဲ့အတိုင်းပဲ ဆန်ဆိုင်တွေ အခုကျွန်တော့်ဆိုင်မှာ ဘယ်သူမှ လာမဝယ်ဘူး အခုဒါ အရောင်းအဝယ်က ခပ်အေးအေးပဲဖြစ်နေတယ်” လို့ ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အခုလို အရောင်းအဝယ်အေးနေတာဟာ စားသောက်ကုန်တွေ ဖူလုံနေလို့ ဖြစ်နိုင်သလို ဘဏ်တွေပိတ်ထားလို့ လက်ထဲမှာ ငွေကြေးပြတ်လပ်နေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်နေကြပါတယ်။

အိမ်ရှင်မတွေကတော့ ဖေဖော်ဝါရီလ အစောပိုင်းကာလမှာ စားသောက်ကုန်ပစ္စည်းတွေကို ဝယ်ယူစုဆောင်းထားလို့ လတ်တလောအတွက် ဖူလုံနေတယ်လို့ ဆိုပါတယ်။

“မီဖိုချောင်းသုံး ပစ္စည်းတွေကို ဝယ်စုထားတော့ ဝယ်စရာမလိုဘူး။ တစ်နေ့တာ ချက်ပြုတ်ဖို့အတွက်ပဲ သားငါးတွေ ဝယ်နေရတယ်။ ဘဏ်တွေမှာလည်း ငွေက ထုတ်ချင်တိုင်း ထုတ်လို့မရတော့ ချင့်ချိန်သုံးနေရတယ်”လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

လက်ရှိ မွန်ပြည်နယ်စျေးကွက်မှာတော့ ဆန်အမျိုးအစားပေါ် မူတည်ပြီးတော့မှ တစ်အိတ်ကို ကျပ်သုံးထောင်အထိ စျေးနှုန်းမြင့်တက်နေပြီး စားသုံးဆီစျေးဟာလည်း တစ်ပိဿာကို အရင်ကထက် ကျပ်လေးရာကျော် စျေးနှုန်းမြင့်တက်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.