မော်လမြိုင် ၊ မတ် (၂)

သထုံမြို့က NLD ပါတီ ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ သူရဲ့အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီးနောက် တစ်ပတ်ကျော် ကြာတဲ့အထိ အဆက်အသွယ်မရလို့ မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေပိုင်းမှာ ဒေါ်မာမာခိုင်နဲ့ သူ့ရဲ့အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။

အဲ့ဒီလို ဖမ်းဆီးထိန်းသိမ်းပြီးနောက် အခုချိန်ထိ အဆက်အသွယ် မရလို့ စိတ်ပူနေရတယ်လို့ မိသားစုဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆက်သွယ်လို့မရဘူးရှင့် ဖမ်းခံထိတဲ့နေ့ကတည်းက ရဲဌာနက သူတို့ကို မော်လမြိုင်ပို့ထားတယ်လို့ပဲ ပြောပါတယ်။ ကျန်တာက သူတို့ပြောခွင့်မရှိဘူး၊ ဖြေခွင့်မရှိဘူး၊ ပြောပါတယ်၊ လိုက်ပြီး စုံစမ်းကြည့်တော့ ကျိုက်မရောမှာ ရှိနေတယ်လို့ သိရတယ်၊ နှစ်ယောက်လုံးအတူတူပဲလို့ ကြားတယ်။ ဟုတ်မဟုတ်တော့ သေချာမသိဘူးပေါ့နော်”လို့ ဒေါ်မာမာခိုင်ရဲ့ သမီးဖြစ်သူ မစုနိုဗယ်ထွန်းက ဆိုပါတယ်။

မိသားစုဝင်တွေ စုံးစမ်းရသလောက်တော့ ဒေါ်မာမာခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ၅၀၅(ခ) ၊  သူ့အမျိုးသားကိုတော့  ၅၀၅(က)နဲ့ သထုံမြို့နယ်ထွေအုပ်က တရားလိုလုပ် အမှုဖွင့်ထားကာ မတ်လ ၁၂ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

“မေးကြည့်ရသလောက်ဆိုလို့ရှိရင်တော့ အမေ့ကိုကျတော့ ၅၀၅(က)၊ (ခ)နဲ့ပေါ့နော်၊ အဖေ့ကိုကျတော့ ၅၀၅(က)ဆွဲထားတယ်လို့ ကြားရပါတယ်။ ၂၆ ရက်နေ့က သူတို့ ယမန်ယူတဲ့နေ့က Video Conferencing နဲ့ပဲ ရမန်ယူပြီးတော့ ရုံးချိန်ကိုတော့ ၁၂ ရက်နေ့လို့ ချိန်းထားတယ် “လို့ ဒေါ်မာမာခိုင်ရဲ့ သမီးဖြစ်သူ မစုနိုဗယ်ထွန်းက ပြောပါတယ်။

လက်ရှိမှာတော့ မွန်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် NLD ပါတီဝင်တွေနဲ့ ကိုယ်စားလှယ်တချို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထွေအုပ်က တရားလိုလုပ် အမှုဖွင့်ထားတဲ့အတွက် အများစုက ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.