ဖေဖော်ဝါရီလ အစောပိုင်းက မြို့ဝင်မြို့ထွက် ဂိတ်တွေမှာ ရဲနှင့်တပ်က ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေစဉ်

မော်လမြိုင် ၊ မတ် (၂)

မွန်ပြည်နယ်အတွင်း မော်လမြိုင် မုဒုံ သံဖြူဇရပ် အစရှိတဲ့ မြို့အဝင်အထွက်နေရာတွေမှာ ရဲနဲ့တပ်က ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ စစ်ဆေးခံခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရဲနဲ့တပ်တို့ ပူးပေါင်းပြီးတော့ မြို့ဝင်မြို့ထွက် ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်တွေ ကားတွေကို ရပ်တန့် စစ်ဆေးတဲ့အပြင် ဖုန်းနဲ့ အိတ်တွေကိုပါ ရှာဖွေစစ်ဆေးတာတွေကို ပြုလုပ်ခဲ့တယ်လို့ ခရီးသွား ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကားတွေရော ဆိုင်ကယ်တွေကိုရော စစ်တယ်၊ မရပ်တဲ့ဆိုင်ကယ်တွေဆိုရင် လေခွနဲ့ ပစ်တယ်၊ ဘယ်သွားမှာလဲ ဘယ်ကလာလဲ စသဖြင့် မေးမြန်းတယ်၊ တချို့ဆိုင်ကယ်နဲ့ လူငယ်တွေပေါ့ ဖုန်းတွေလည်း စစ်တယ် အိတ်ပါရင် အိတ်တွေကိုစစ်တယ်၊ သံဖြူဇရပ် အဝင်မှာရော အထွက်မှာရော စစ်နေတယ်” လို့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်မှာ ရေးမှ မော်လမြိုင်သို့ တက်လာတဲ့ ကိုယ်တိုင်အစစ်ဆေးခံခဲ့ရသူတစ်ဦးက ပြောပါတယ်။

ဖုန်းကို စစ်ဆေးတဲ့နေရာမှာ လူမှုကွန်ယက် စာမျက်နှာတွေကိုပါ ဖွင့်ခိုင်းပြီးတော့ ကြည့်ရှုတာတွေကို လုပ်ခဲ့တယ်လို့ စစ်ဆေးခံရသူတွေက ဆိုပါတယ်။

“ဆိုင်ကယ်ကို ရပ်ခိုင်းတယ် ပြီးတော့ ဖုန်းကိုစစ်တယ် ညီမက ကျောပိုးအိတ်ပါတော့ အိတ်ကိုလည်း စစ်တယ်၊ ဖုန်းကိုစစ်တော့ facebook ကိုပါ ဖွင့်ခိုင်းတယ်” လို့ မတ်လ ၁ ရက်နေ့က အစစ်ခံခဲ့ရသူ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ မော်လမြိုင်မြို့အတွင်းမှာ ရဲကားတွေနဲ့စစ်ကားတွေက မြို့အနှံ့လှည့်ပတ်ခဲ့လို့ ဆန္ဒဖော်ထုတ်သူတွေ လူစုလူဝေး မလုပ်နိုင်ခဲ့ပါဘူး။

မွန်ပြည်နယ်အတွင်းမှာတော့ အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အရှိန်အဟုန်မပျက် လုပ်ဆောင်နေပြီး အကြမ်းဖက်ဖြိုခွင်းခံရလို့ လူငယ်(၁)ဦးလည်း သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.