ကျိုက်မရော ၊ မတ် (၂)

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ရပ်မိရပ်ဖတွေ ပါဝင်တဲ့ ကျိုက်မရောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို  ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

အဖွဲ့ဝင် (၂၂) ဦးပါဝင်တဲ့ ကျိုက်မရော မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ၊ ရပ်မိရပ်ဖတွေ ၊ ဥပဒေပညာရှင်တွေ ၊ အရပ်ဘက် ကိုယ်စားလှယ်တွေနဲ့ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

အဆိုပါ အုပ်ချုပ်ရေးအဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွေ ၊ ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး နောက်ပိုင်းမှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေကိုလည်း ဆက်လက် ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။

“ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေ နည်းဥပဒေတွေနဲ့ မကိုက်ညီဘဲနဲ့ ၃၂ ရွာက အုပ်ချုပ်ရေးမှူးတွေကို သူတို့ သဘောနဲ့သူတို့ လဲလိုက်တယ်။အဲ့တာတွေကို ကျွန်တော်တို့က ပြည်သူ့အုပ်ချုပ်မှုအဖွဲ့တွေ ဖွဲ့ပြီး အစားထိုး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်”လို့ ကျိုက်မရောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်တဲ့ ဦးခင်ဇော်က ပြောပါတယ်။

အဆိုပါ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သက်တမ်းကတော့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးစာတမ်းပါ ပြဌာန်းချက်အတိုင်း (၆)လ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အရှိန်မဟုန်မပျက် ဆောင်ရွက်နေပြီး အကြမ်းဖက် ဖြိုခွင်းလို့ လူငယ် (၁) ဦး သေဆုံးခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.