မော်လမြိုင် ၊ ဖေဖော်ဝါရီ (၅)

 Civil Disobidience  Movement လို့ခေါ်တဲ့ အာဏာသိမ်းစစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ လှုပ်ရှားမှုမှာ မွန်ပြည်နယ်က ဌာနဆိုင်ရာ အများစု ပါဝင်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ (၂)ရက်နေ့က စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ နိုင်ငံတဝှမ်းက ဆရာဝန်တွေ ၊ ဆရာ ဆရာမတွေ နဲ့ အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေက ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားခဲ့ကြပါတယ်။

မွန်ပြည်နယ်မှာတော့ ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားခဲ့ပြီး တက္ကသိုလ်ကျောင်းသားတွေ ဆရာ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေ နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်ခဲ့ကြပါတယ်။

“ကျွန်မတို့က ပြည်သူ့ဝန်ထမ်းဆိုတော့ ပြည်သူ့တွေရဲ့ မျက်နှာကို ကြည့်ရမယ်။ အခုချိန်မှာ ကျောင်းသားတွေကအစ အရမ်းကို တက်ကြွနေကြတယ်။ သူတို့ရဲ့ ဆရာမဖြစ်တဲ့ ကျွန်မတို့က ရှေ့ဆောင်လမ်းပြအဖြစ် ဒီလိုလုပ်တာ။ ဒီအခြေအနေမှာ ဘာမှမလုပ်ပဲ ငြိမ်နေရမယ်ဆိုရင် ရှက်ဖို့ကောင်း ပါတယ်”လို့ ဒီအရေးမှာ ပါဝင်လှုပ်ရှားတဲ့ ဆရာမတစ်ဦးက ဆိုပါတယ်။

မော်လမြိုင်တက္ကသိုလ်က ဆရာ ဆရာမတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲမှာတော့ “ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရေး ဒို့အရေး ဒို့အရေး ” ၊ “စစ်အာဏာရှင် အလိုမရှိ အလိုမရှိ” ၊ “ရွေးကောက်ပွဲရလဒ် အတည်ပြုပေးရေး ဒို့အရေး ဒို့အရေး” ၊ “နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အမြန်ဆုံး လွှတ်ပေးရေး ဒို့အရေး ဒို့အရေး” အစရှိတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.