မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁)
၂၀၂၀ ရွေးကောက်ပွဲအလွန် တတိယအကြိမ် လွှတ်တော်စတင်ဖို့ (၁၀)နာရီ အလိုမှာပဲ နိုင်ငံအကြီးအကဲတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တပ်မတော်မှ ထိန်းသိမ်းပြီး အာဏာသိမ်းလိုက်ပါတယ်။
ဇန်နဝါရီလ (၃၁)ရက်နေ့ ညမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ကို တပ်မှ ထိန်းသိမ်းခဲ့ပါတယ်။
အဲ့ဒီနောက် နိုင်ငံတဝှမ်းမှာ ဖုန်းလိုင်းတွေ အင်တာနက် လိုင်းတွေ ပြတ်တောက်ခဲ့ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေ အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေ ထိန်းသိမ်းခံခဲ့ရပါတယ်။
တပ်က ဘာကြောင့် အာဏာသိမ်းတာလဲ
အာဏာသိမ်းရတဲ့ အဓိက အကြောင်းအရင်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းကွာဟချက်တွေရှိနေတာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့တာကြောင့်လို့ တပ်မတော်က ဆိုပါတယ်။
ဒါ့အပြင် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်ခေါ်ယူပေးဖို့ တောင်းဆိုတာကို မခေါ်ပေးခဲ့သလို ကာလုံအစည်းအဝေး ခေါ်ဖို့ ၂ ကြိမ်တောင်းဆိုတာကိုလည်း ငြင်းပယ်ခဲ့တာတွေကြောင့်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။
မဲစာရင်း ပြဿနာတွေကို မဖြေရှင်းဘဲ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ကျင်းပဖို့ ဆက်လုပ်တာဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူတာဖြစ်တယ်လို့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အခြေအနေတွေကြောင့် နိုင်ငံတဝှမ်းမှာ ဆန္ဒပြမှုတွေ ၊ ထောက်ခံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၁၇) အရ နိုင်ငံတော်ကို အရေးပေါ်ကာလအဖြစ် ကြေညာပြီး ပုဒ်မ (၄၁၈) ပုဒ်မခွဲ(က)အရ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး အာဏာတို့ကို တပ်မတော်အား လွှဲပြောင်းပေးလိုက်တယ်လို့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တပ်က ဘာဆက်လုပ်မှာလဲ
အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်အရ တပ်မတော်မှ နိုင်ငံတော်အာဏာကို တစ်နှစ် ရယူထားပါတယ်။
အဲ့ဒီကာလအတွင်းမှာ ပြည်ထောင်စု ကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းစစ်ဆေးတာတွေ အပါအဝင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်တွေ ၊ နိုင်ငံ့စီးပွားရေးကို ပြန်လည်ကုစားတဲ့ ကိစ္စရပ်တွေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်သွားမယ်လို့ တပ်က ထုတ်ပြန်ထားပါတယ်။
အရေးပေါ်ကာလ ပြဌာန်းချက်အတိုင်း လိုအပ်တာတွေ ဆောင်ရွက်ပြီးရင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကာ အနိုင်ရ ပါတီကို အာဏာ လွှဲပြောင်းပေးသွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းမှုအပေါ် ဘယ်လို တုံ့ပြန်ကြလဲ
တပ်မတော်ရဲ့ အာဏာသိမ်းမှုဖြစ်စဉ်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း ရှုတ်ချထားပြီး ဥပဒေအတိုင်း ဆောင်ရွက်ဖို့နဲ့ ထိန်းသိမ်းထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းထားကြပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း သက်ဆိုင်ရာ သံရုံတွေရှေ့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကန့်ကွက် ဆန္ဒပြနေကြပါတယ်။
ပြည်တွင်းမှာလည်း အာဏာသိမ်းမှုကို ရှုတ်ချကြောင်း လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ကမ်ပိန်းတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။
တပ်မတော်ထောက်ခံသူတွေကလည်း အာဏာသိမ်းတာကို ထောက်ခံကြောင်း လှည့်လည်တာတွေနဲ့ လူစုလူဝေး ပြုလုပ်ပြီး ထောက်ခံတာတွေကို ဆောင်ရွက်နေကြပါတယ်။
လက်ရှိမှာတော့ ဘဏ်လုပ်ငန်းတွေရဲ့ ဝန်ဆောင်မှုတွေကို ယာယီရပ်နားထားရပြီး ဒီကနေ့ပိုင်းမှာလည်း ကုန်ပစ္စည်းတွေကို ပြည်သူတွေက အလုအယှက် ဝယ်ယူခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်