မော်လမြိုင် ၊ ဇန်နဝါရီ (၂၈)

WHO အဖွဲ့ ရောက်ရှိနေစဉ် ဝူဟန်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေကို တရုတ်အာဏာပိုင်တွေက ရေငုံနှုတ်ပိတ်နေဖို့ ဖိအားပေးနေပါတယ်။

ဝူဟန်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တရုတ်အာဏာပိုင်တွေက သူတို့ရဲ့ ဆိုရှယ်မီဒီယာအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒီရောဂါဖြစ်ပွားမှုရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် မြို့တော်သို့ရောက်ရှိနေစဉ် နှုတ်ပိတ်နေဖို့ ဖိအားပေးခဲ့တယ်လို့ ပြောပါတယ်။

လွန်ခဲ့သောတစ်နှစ်က ဖြစ်ပွားခဲ့တဲ့ ထိန်းချုပ်ရန်ခက်ခဲသည့် အခြေအနေကို မှားယွင်းစွာကိုင်တွယ်ဖြေရှင်းမှုအတွက် ဝူဟန်မှ တာဝန်ရှိသူများမှ တာဝန်ယူမှုရှိစွာ စုံစမ်းရှာဖွေဖို့ရန်အတွက် ဆွေမျိုးသားချင်းများစွာဟာ ၎င်းကိစ္စနှင့် ပတ်သက်ပြီး အွန်လိုင်းတွင်  အတူတကွ စုရုံးခဲ့ကြတဲ့အပေါ် တားမြစ်ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။

တရားဝင်ပိတ်ဆို့ခြင်း၊ ဆိုရှယ်မီဒီယာအဖွဲ့တွေကို စောင့်ကြည့်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကြောင့် ကြိုးပမ်းအားထုတ်မှုကို အဟန့်အတားဖြစ်စေသည်ဟု ဆွေမျိုးသားချင်းတွေက ဆိုပါတယ်။

သို့ပေမယ့် မည်သည့်ဝေဖန်မှုကိုမဆို သိသိသာသာ ပိတ်ပင်မှုတွေ ပြုလုပ်မှာဖြစ်ပြီး WHO မှ အစွန်းအထင်းမခံတဲ့ စုံစမ်းစစ်ဆေးမှုအတွင်း ကသိကအောက်ဖြစ်စေတဲ့ လုပ်ရပ်များကို တရုတ်မှ ရှောင်ရှားနိုင်ဖွယ်ရှိနေပါတယ်။

မိသားစုဝင် ၈၀ မှ ၁၀၀ ဝန်းကျင်ရဲ့ တစ်နှစ်ကျော်ကြာ အသုံးပြုခဲ့သည့် WeChat ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်ရှိ သူတို့ရဲ့ wechat group ဟာ လွန်ခဲ့တဲ့ ၁၀ ရက်က ဘာအကြောင်းပြချက်မျှမရှိဘဲ ရုတ်တရက် ဖျက်သိမ်းခံခဲ့ရတယ်လို့ အဖွဲ့ဝင်နှင့် ဝေဖန်သူတစ် ဦး ဖြစ်သူ Zhang Hai ကပြောကြားခဲ့သည်။

“ဒါဟာ (တရုတ်အာဏာပိုင်တွေ) အရမ်းတုန်လှုပ်နေကြတယ်ဆိုတာကို ပြသနေတာဘဲ၊ ဒီမိသားစုတွေ WHO ကျွမ်းကျင်သူတွေနဲ့ အဆက်အသွယ်လုပ်မှာကို သူတို့ကြောက်နေကြတယ်” လို့ ကိုဗစ်စတင်ဖြစ်ပွားချိန်တွင် ရောဂါကူးစက်ခံရခြင်းကြောင့် ဖခင်ဖြစ်သူ သေဆုံးသွားတဲ့ အသက် ၅၁ နှစ်ရှိ Zhang ကပြောကြားခဲ့သည်။

WHO အဖွဲ့ဝူဟန်ကိုရောက်ရှိလာတဲ့အချိန် အာဏာပိုင်တွေက Group ကို အတင်းအဓမ္မဖြတ်ချလိုက်ပြီး ၎င်းကြောင့် ကျနော်တို့အနေနဲ့ အဖွဲ့ဝင်တွေအများကြီးနဲ့ အဆက်အသွယ်ပြတ်ခဲ့တယ်လို့ သူကထပ်ပြောပါတယ်။

WeChat ဟာ တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုမှ တည်ထောင်ထားတာဖြစ်ပြီး တရုတ်အာဏာပိုင် ဆင်ဆာအဖွဲ့မှ စောင့်ကြည့်နေတဲ့ လူသုံးများတဲ့ ပလက်ဖောင်တစ်ခု ဖြစ်ပါတယ်။

ထိုဆွေမျိုးသားချင်းတွေဟာ Wuhan နှင့် Hubei ပြည်နယ်အစိုးရများအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကိုဗစ်ပိုး မြို့ပေါ်မှာ ပထမဆုံးအကြိမ် ထွက်ပေါ်လာတဲ့အခါ ဖုံးကွယ်ရန်ကြိုးစားခြင်းကြောင့် ထိန်းချုပ်မှုခက်ခဲတဲ့အခြေအနေကို ဖြစ်စေခဲ့ခြင်း၊ ပြည်သူတွေကို အသိပေးမှုမရှိခဲ့ခြင်းနှင့် တုံ့ပြန်မှုမအောင်မြင်ဘူးဆိုတဲ့အချက်တွေနဲ့ စွပ်စွဲခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ် ဇန်နဝါရီလက အမျိုးသမီးတစ်ဦး သူမရဲ့ အရွယ်ရောက်သမီးတစ်ယောက် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့တယ်လို့ AFP သတင်းဌာနကို ထုတ်ဖော်ပြောကြားခဲ့တဲ့အပေါ် တစ်ပတ်အကြာမှာ အာဏာပိုင်တွေရဲ့ ဆင့်ခေါ်ခြင်းခံရပြီး မီဒီယာကိုမပြောဖို့ သတိပေးခြင်း ခံခဲ့ရတယ်လို့ အခြားသော မိသားစုဝင်တစ်ဦးမှ ပြောပါတယ်။

မင်းဟံတလမွန်

REF – AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.