မာ်လမြိုင် ၊ ဇန်နဝါရီ (၂၈)

ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့ တုံ့ပြန် ရန်ပြုမှုတွေကို ရင်ဆိုင်နေရပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ အသွားအလာကန့်သတ်တဲ့စနစ်ကို မွန်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဇင်ဘာက (၈)ရက်နေ့ကတည်းက စတင်ကျင့်သုံးခဲ့တာပါ။

အဲ့ဒီနောက်မှာ အတည်ပြုလူနာနဲ့ ထိတွေ့ထားတဲ့ အိမ်ထောင်စုတွေကို နေအိမ်မှာပဲ အသွားအလာကန့်သတ်ဖို့ ကျန်းမာရေးဝန်ထမ်းတွေက ညွှန်ကြားရာမှာ အိမ်ရှင်တွေရဲ့ တုံ့ပြန် ရန်ပြုမှုတွေကို ရင်ဆိုင်နေရတာပါ။

အပြင်မထွက်ဘဲ နေအိမ်မှာပဲ အသွားအလာကန့်သတ်ဖို့ ကျန်းမာရေးဝန်ထမ်းတွေက ရှင်းပြပေမယ့် အိမ်ရှင်တွေက လက်မခံဘဲ အပြင်းအထန် ပြန်လည် ပြောဆိုတာတွေ ၊ ရန်ပြုတာတွေကို ရင်ဆိုင်နေရတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာဝတ်မှုံ က ပြောပါတယ်။

“ကျန်းမာရေး ဝန်ထမ်းပိုင်း ဆိုရင်လည်း Strict Quarantine လုပ်ဖို့သွားရတယ်၊ ရှင်းပြရတယ်ပေါ့ တချို့လက်မခံချင်တဲ့ အိမ်တွေပေါ့နော် ရှိလာတော့ ကိုယ့်ဆရာမတွေ၊ အုပ်ချုပ်ရေးပိုင်းတွေကို အပြင်အထန် ပြောဆိုတာတွေ ရန်တွေ့တာတွေ ပေါ့နော်၊ ဒါကို တစ်ခုခုနဲ့ မလုပ်ရုံတမယ်ပေါ့၊ ဒါမျိုးတွေ အခုနောက်ပိုင်း များလာတာပေါ့၊ အင်းအားကလည်း ဒီအုပ်ချုပ်ရေးနဲ့ ကျန်းမာရေးနဲ့ (၂)ခုပဲ ရှိတဲ့အခါကျတော့ လုပ်ရကိုင်းရတာလည်း ပိုပြီး ခက်ခဲလာတာပေါ့”လို့  ဆိုပါတယ်။

အခြားဒေသကနေ ပြည်နယ်အတွင်း ဝင်ရောက်လာသူတွေကတော့ ကွာရန်တင်စင်တာ ဒါမှမဟုတ် hotel ကွာရန်တင်မှာ အသွားအလာကန့်သတ် နေထိုင်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဝင်ရောက်လာသူအများစုက နေအိမ်မှာပဲ အသွားအလာကန့်သတ် နေထိုင်ရမယ်လို့ ယူဆကြတဲ့အတွက် နားလည်မှုလွဲပြီး အချေအတင် ဖြစ်တာတွေကိုလည်း ကြုံတွေ့ရတယ်လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောပါတယ်။

“တချို့ကျတော့ တခြားဒေသက ပြန်လာတဲ့သူတွေက Strict Home နေလို့ရတယ်ဆိုတဲ့ ထင်မြင်ချက်မျိုးနဲ့ လာကြတာပေါ့။ ကျွန်တော်တို့ဆီမှာ Strict Home က Fever clinic တွေမှာ စစ်ပြီးမှ သူရဲ့ မိသားစုတွေ ထိတွေ့မှုရှိတဲ့သူတွေကို သူအိမ်မှာ ထိတွေ့ခဲ့တာဖြစ်တဲ့အတွက် သူ့အိမ်မှာပဲ Strict Home ထားတာဖြစ်တယိ။ အခြားဒေသက ပြန်လာရင်တော့ Quarantine ဝင်ရမှာပါ။ အဲအပေါ်မှာ Quarantine ဝင်ဖို့ သွားပြောတဲ့အခါမှာ Strict Home ထားတဲ့အခါမှာ နားလည်မှုလွဲတာတွေ တွေ့ရတာပေါ့”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိမှုနှုန်းကတော့ မလျော့ကျသေးဘဲ လူသေဆုံးမှုတွေကလည်း ဆက်တိုက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနရဲ့ ဇန်နဝါရီလ (၂၈)ရက်နေ့အထိ စာရင်းတွေအရတော့ ပြည်နယ်အတွင်း ကူးစက်ခံရသူ ( ၃၄၇၉)ဦးရှိပြီး ပြန်လည်ကောင်းမွန်လို့ ဆေးရုံဆင်းသူကတော့ ( ၂၉၉၃) ဦး ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.