မော်လမြိုင် ၊ ဇန်နဝါရီ (၂၇)

မွန်ပြည်နယ်က ကျန်းမာရေးဝန်ထမ်း (၄၀၀၀)နီးပါးကို ဒီကနေ့ မနက်ပိုင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ဇန်နဝါလ (၂၂)ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာပါ။

အဲ့ဒီကာကွယ်ဆေးကိုတော့ နိုင်ငံတဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံပေးဖို့ ပြည်နယ်နဲ့တိုင်းအလိုက် ခွဲတမ်းချပေးခဲ့ပါတယ်။

မွန်ပြည်နယ်ကိုတော့ မနေ့ညပိုင်းမှာ ကာကွယ်ဆေး ရောက်ရှိခဲ့တာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေကို ထိုးနှံပေးခဲ့တာပါ။

“အခုလောလောဆယ်တော့ ကျန်းမာရေးဝန်ထမ်းအတွက်ပဲ။ဝန်ထမ်းလေးထောင်နီးပါးထိုးမှာတော့ အလေအလွင့် ရှိနိုင်တာကြောင့် ကာကွယ်ဆေး အလုံး လေးရာကျော် ရတယ်။ အခု ထိုးပေးနေပြီးပေါ့”လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

ဒီကာကွယ်ဆေးထိုးပြီးရင်တော့ HIV ကူးစက်ခံထားရသူတွေ ၊ ကင်ဆာရောဂါ ခံစားရသူတွေ နဲ့ ကိုယ်ခံအားစနစ် ထိန်းချုပ်တဲ့ ဆေးဝါးကို သောက်သုံးနေရသူတွေဟာ ကိုယ်ခံအား တုန့်ပြန်မှု အားနည်းတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သွေးမတိတ်တဲ့ရောဂါ ဒါမှမဟုတ် သွေးကျဲဆေး သောက်သုံးနေရသူတွေဟာ ဆေးထိုးထားတဲ့ နေရာမှာ သွေးထွက်တာတွေ ၊ သွေးခြေဥ ဖြစ်တာတွေကို ခံစားရနိုင်တယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

ကာကွယ်ဆေး ထိုးထားသူကတော့ ကိုဗစ်-၁၉ ဗိုင်းရပ်ပိုးကို ခုခံနိုင်ပေမယ့် သူကနေတဆင့် အခြားသူတွေကို ဗိုင်းရပ်စ် ထပ်မံကူးစက်နိုင်သေးတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

“ရောဂါပိုးဝင်လာရင် ထိုးထားတဲ့သူက ခံနိုင်တယ်။ဒါပေမယ့် ဒီရှိတဲ့ ရောဂါပိုးက အခြားမထိုးထားတဲ့သူတွေကို ကူးနိုင်တယ်။ကိုယ့်ရဲ့ ကာကွယ်နိုင်စွမ်းက အနည်ဆုံး ၈၀ ရာခိုင်နှုန်းလောက် ရှိမယ်။ပိုးကတော့ ဝင်နိုင်တယ် ကိုယ်ကတော့ ရောဂါမဖြစ်တော့ဘူး ဒါပေမယ့် အခြားသူကို ကူးနိုင်တယ်”လို့ ဒေါက်တာဝတ်မှုံက ဆိုပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေး ကနဦး ထိုးပေးထားပြီး အစိုးရအဖွဲ့နဲ့လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေသူတွေကိုတော့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ဆေးဝါးရရှိမှုပေါ် မူတည်ပြီး ကျန်ရှိသူတွေကို ဦးစားပေး ကဏ္ဍအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးပေးသွားမှာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှုဟာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဇန်နဝါရီလ (၂၆)ရက်နေ့ ညပိုင်းစာရင်းတွေအရ အတည်ပြု လူနာ (၃၄၃၉) ဦးရှိပြီး သေဆုံးသူကတော့ (၃၉) ဦး ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.