မော်လမြိုင် ၊ ဇန်နဝါရီ (၂၅)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အပေါ် အစိုးရရဲ့ လေးစားလိုက်နာမှုဟာ အတော်လေး အားနည်းခဲ့တယ်လို့ လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဝေဖန် ပြောဆိုလိုက်ပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်သက်တမ်းမှာတော့ ပုံမှန်အစည်းအဝေး (၁၇)ကြိမ် ထိ ကျင်းပခဲ့ပြီး အဆို (၅၁) ခုနဲ့ မေးခွန်း ( ၆၀၉)ခု တင်သွင်းမေးမြန်းခဲ့ပါတယ်။

လွှတ်တော်မှတ်တမ်းတွေအရ ကတိဝင်ထားတဲ့ အဆို မေးခွန်းတွေအပေါ်မှာ အစိုးရရဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုကတော့ လက်ရှိအချိန်ထိ (၅၀)ရာခိုင်နှုန်းပင် မပြည့်သေးပါဘူး။

 ကျင်းပခဲ့တဲ့ အစည်းအဝေးတွေမှာလည်း အစိုးရအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်း မေးမြန်းမှုအချို့ ကို မဖြေကြားတာတွေ ၊ မေးခွန်းတွေကို ဖြေဆိုဖို့ အချိန်ရွှေ့ဆိုင်းတာတွေကို လုပ်ဆောင်ခဲ့ပါ သေးတယ်။

အခုလို အခြေအနေတွေကြောင့် လွှတ်တော်အပေါ် အစိုးရရဲ့ လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ အတော်လေး အားနည်းခဲ့တယ်လို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဝေဖန် ပြောဆိုလိုက်ပါတယ်။

“အစိုးရက လွှတ်တော်အပေါ် လေးစားမှု အားနည်းပါတယ်။ လွှတ်တော်ရဲ့ ဆောင်ရွက်ချက် အားလုံးမှာ အစိုးရရဲ့ ညှိနှိုင်းပေါင်းစပ်မှုတွေကလည်း အားနည်းပါတယ်”လို့ ဆိုပါတယ်။

အခုလို လွှတ်တော်ရဲ့ ဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး(၄)ဦးကို ဆက်သွယ်မေးမြန်းပြီး သဘောထားမှတ်ချက်တောင်းခံဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံ ဖြေဆိုခဲ့ခြင်းတော့ မရှိပါဘူး။

လွှတ်တော်အနေနဲ့ အစိုးရရဲ့ ကတိကဝတ်တွေကို စောင့်ကြည့်ထိန်းကျောင်းနိုင်ဖို့အတွက် ဖွဲ့စည်းထားတဲ့ ပြည်နယ်အစိုးရရဲ့ အာမခံချက်များ ၊ ကတိကဝတ်များ ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက အခုထက် ပိုပြီး အားကောင်းဖို့ လိုအပ်နေတယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေကတော့ သုံးသပ်ထားကြပါတယ်။

“ အစိုးရရဲ့ ကတိကဝတ်တွေကို စောင့်ကြည့်ထိန်းကျောင်းတဲ့ ကော်မတီ ရှိတယ်။ သို့ပေမယ့်လည်း ဘယ်လိုပဲ ပြောပြော အစိုးရလုပ်ချင်သလိုပဲ အကောင်အထည်ဖော်သွားတာတွေ များတယ်။ လွှတ်တော်ဘက်က ဒါကို ကြပ်ကြပ်မတ်မတ်လေး ကိုင်တွယ်နိုင်ရင် ပိုကောင်းမယ်လို့ အကြံပြုချင်တယ်”လို့ မွန်ပြည်နယ်အရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ရက် တွဲဘက်ညှိနှိုင်းရေးမှူး ဒေါ်ဇွန်ပန်းက ပြောပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ သက်တမ်းကတော့ လာမယ့် ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေးကတော့ ဖေဖော်ဝါရီလ (၉)ရက်နေ့မှာ စတင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.