မော်လမြိုင် ၊ ဇန်နဝါရီ (၂၂)

ဒုတိယအကြိမ် လွှတ်တော်နဲ့ တတိယကြိမ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မိတ်ဆက်ပွဲကို NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် (၁၂) ဦး မတက်ရောက်ခဲ့ပါဘူး။

ဇန်နဝါရီလ (၂၂)ရက်နေ့မှာ ကျင်းပတဲ့ ဒီမိတ်ဆက်ပွဲမှာ ဒုတိယအကြိမ် လွှတ်တော် ငါးနှစ်တာ ဆောင်ရွက်ချက်တွေနဲ့ လွှတ်တော်တာဝန် လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်တွေကို ရှင်းပြဖို့ လွှတ်တော်က စီစဉ်ထားခဲ့တာပါ။

ဒီအခမ်းအနား တက်ရောက်ဖို့ ကိုယ်စားလှယ် အဟောင်းရော အသစ်တွေရောကို လွှတ်တော်က တစ်ပတ် ကြိုတင် ဖိတ်ကြားခဲ့ပေမယ့် NLD ပါတီဘက်က ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တချို့ မတက်ရောက်ခဲ့တာပါ။

ဒီအခမ်းအနားအတွက် လွှတ်တော်က အကောင်းဆုံး စီစဉ်ခဲ့ပေမယ့် အခုလို ကိုယ်စားလှယ်အချို့ မတက်ရောက်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။

“ဒီနေ့ပွဲကို တက်ရောက်တာ မတက်ရောက်တာက ဖိတ်ကြားခံရတဲ့သူတွေကိုပဲ မူတည်ပါတယ်။ လွှတ်တော်ဘက်က ဖိတ်ကြားမှု ပြီးမြောက်ပါတယ်။ သူတို့မတက်ရောက်ဘူးဆိုတော့ စိတ်မကောင်းတော့ ဖြစ်မိပါတယ်”လို့ ဆိုပါတယ်။

ဒီအခမ်းအနားကို မတက်ရောက်တဲ့ NLD ပါတီ ကိုယ်စားလှယ်တွေကတော့ တတိယအကြိမ် လွှတ်တော်တက်ဖို့  ကျန်းမာရေးကောင်းအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မလိုအပ်ဘဲ အိမ်အပြင်မထွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ခေါ်ဖို့ရှိတယ် အဲဒီလွှတ်တော်က အင်မတန်အရေးကြီးတဲ့ လွှတ်တော်။ ဥက္ကဌတွေ ဒုဥက္ကဌတွေ ရွေးရမှာ။ အဲပွဲကိူ တက်နိုင်ဖို့အတွက် ကျွန်တော်တို့က ကိုယ့်ကိုကိုယ်ပြင်ဆင်ထားရမယ်။အဲဒါမှ ကျွန်တော်တို့ တက်နိုင်မှာ။ အဲတော့ ဒီလိုအချိန်မှာ အိမ်ထဲမှာပဲနေပြီးတော့ အပြင်မထွက်တာအကောင်းဆုံးပဲ။ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်မှ အရေးကြီးတဲ့ လွှတ်တော်ကို တက်နိုင်မှာဖြစ်ပါတယ်” လို့ NLD ပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်က ပြောပါတယ်။

တဖန် မုဒုံမြို့နယ်က NLD ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်ခင်ကျော့ဖြူမှလည်း “”ကျွန်မကျန်းမာရေးကိစ္စတစ်ခုနဲ့ ကျွန်မအဆင်မပြေဘူးဖြစ်သွားတယ်။ ကျွန်မအဲလိုဖြစ်သွားလို့ရှင့်။  အဆင်မပြေဖြစ်သွားလို့ရှင့်” လို့ သံလွင်တိုင်းမ်ရဲ့ မေးမြန်းမှုအပေါ် ပြန်လည် ဖြေဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီအခမ်းအနားကိုတော့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်တွေက တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာသူတွေကိုတော့ ဒုတိယအကြိမ် လွှတ်တော် ကော်မတီတွေရဲ့ ငါးနှစ်တာ ဆောင်ရွက်ချက် အစီရင်ခံစာ အနှစ်ချုပ်တွေ နဲ့ လွှတ်တော် လွှဲပြောင်းမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ရှင်းလင်း တင်ပြခဲ့ကြပါတယ်။

တတိယအကြိမ် လွှတ်တော်မှာတော့ မွန်ညီညွတ်ရေး ပါတီက ကိုယ်စားလှယ် (၆)ဦး ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် (၁၇) ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် (၈)ဦးတို့ ပါဝင်မှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.