မော်လမြိုင် ၊ ဇန်နဝါရီ (၂၁)

မွန်ပြည်နယ်မှာ ၂၀၂၀ ခုနှစ်အတွင်း မီးလောင်မှုတွေကြောင့် လူ(၁) ဦးသေဆုံးပြီး ကျပ်သိန်းပေါင်း (၂၅၀၀)ကျော် ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

တစ်နှစ်တာအတွင်းမှာ မီးလောင်မှု ( ၉၈) ကြိမ် ဖြစ်ပွားခဲ့ပြီး အများဆုံးက ပေါ့ဆမီးတွေကြောင့် ဖြစ်ပါတယ်။

ရေးမြို့နယ် နဲ့ မော်လမြိုင်မြို့နယ်က မီးလောင်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ပြည်နယ်တဝှမ်းမှာ အိမ်ခြေ (၁၁၉) လုံး ၊ စက်ရုံ (၁)ရုံ ၊ ဂိုထောင် ( ၁၈၈) ရုံ မီးလောင်ကျွမ်း ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၂၀ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှု ( ၂၉)ကြိမ် မြင့်တက်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးလည်း မြင့်မားခဲ့ပါတယ်။

မီးလောင်မှုတွေကတော့ လူတွေ မီးသုံးစွဲရာမှာ ပေါ့ဆမှုတွေကြောင့် ဖြစ်သလို သုံးစွဲတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ အားနည်းချက်တွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ မွန်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပြောပါတယ်။

“အဓိက ဆုံးရှုံးမှု တန်ဖိုးနဲ့ မီးလောင်မှုတွေ ပိုဖြစ်လာတာကတော့ မီးအမျိုးအစား လောင်ကျွမ်းခဲ့တဲ့ ပေါ့ဆမီးပေါ့၊ လူတွေအမှတ်တမဲ့ ဂရုမပြုမိပဲ ဖြစ်ပေါ်လာတဲ့ မီးအမျိုးအစားတွေ ဖြစ်ပါတယ်၊ ပေါ့ဆမီးမှာ လျှပ်စစ်ကြောင့် လူသုံးကုန်ပစ္စည်းတွေ ချို့ယွင်း အားနည်းချက်ကြောင့်လည်း ပါဝင်တဲ့ လျှပ်စစ်မီးလည်း ပါဝင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

မီးလောင်မှုဖြစ်စဉ်တွေ လျော့ကျစေဖို့အတွက် အဆောက်အဦးတွေ ဆောက်လုပ်ရာမှာ မီးသတ်ဦးစီးဌာနဲ့ ထောက်ခံချက်မပါရင် ခွင့်မပြုပေးဖို့ သက်ဆိုင်ရာဌာနတွေကို မီးသတ်က တိုက်တွန်း လိုက်ပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ပြည်နယ် မီးသတ်စခန်း (၁) ခု ၊ ခရိုင်စခန်း ၊ (၂)ခု ၊ မြို့နယ်စခန်း (၁၀) ခုနဲ့ အရံမီးသတ်စခန်း (၃၇) ခု စုစုပေါင်း ဝန်းထမ်း (၃၆၀)ကျော်နဲ့ မီးဘေးအန္တာရယ် ကြိုတင်ကာကွယ်ရေးကို ဆောင်ရွက်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.