photo -AFP

မော်လမြိုင် ၊ ဇန်နဝါရီ (၁၁)

အစိုးရက ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပေးတာနဲ့ စာသင်ကြားနိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ အခြေခံပညာကျောင်းပေါင်း (၁၀၀၀)ကျော်ရှိပြီး ကျောင်းသူကျောင်းသား (၄)သိန်းကျော်က နှစ်စဉ် ပညာသင်ကြားနေကြပါတယ်။

ပထမအကြိမ် ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်စဉ်အတွင်းမှာတော့ မွန်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်ဟာ ကိုဗစ် စည်ကမ်းချက်တွေနဲ့ အညီ ဖွင့်လှစ်ပြီး စာသင်ကြားခဲ့ပါတယ်။

အာ့ဒီနောက်မှာတော့ ကိုဗစ်-၁၉ ကူးစက်မှု တစ်ဖန်ပြန်လည် မြင့်တက်ခဲ့တာကြောင့် ဩဂုတ်လက စတင်ပြီး လက်ရှိအချိန်ထိ ကျောင်းတွေကို ယာယီ ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အစိုးရ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပေးတာနဲ့ စာသင်ကြားနိုင်အောင် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောပါတယ်။

“အခု ကျွန်မတို့ လက်ရှိအခြေအနေမှာတော့ ပုံမှန်ဆောင်ရွက်ထားတဲ့ အနေအထားထက်ကို နည်းနည်းလေးပိုပြီး တကယ်လိုများ ကျွန်မတို့ ကျောင်းတွေဖွင့်ဖို့ ကျန်းမာရေးအခြေအနေက နီးစပ်လာပြီ။ ကိုဗစ်ဗဟိုကော်မတီကလည်း ဆုံးဖြတ်ချက်ချနိုင်ပြီဆိုတဲ့ အချိန်ရောက်ရင် အဆင့်သင့်ဖြစ်အောင် ပြန်လည်ပြီးတော့ မွမ်းမံပြင်ဆင်နေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်ရှင့်”လို့ ဆိုပါတယ်။

ကျောင်းသားမိဘတွေကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးရမှသာ ကျောင်းတွေကို ပြန်လည် ဖွင့်လှစ်စေချင်တယ်လို့ ဆိုပါတယ်။

“ သေချာ မထိန်းချုပ်နိုင်သေးတော့ ကလေးတွေ ဖြစ်သွားရင် ပိုဆိုးမယ်။ ဖွင့်ရင်တော့ ကိုဗစ် ကာကွယ်ဆေးရမှ ဖွင့်စေချင်တယ်”လို့ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ မခိုင်ခိုင်မြင့်က ပြောပါတယ်။

ပထမအကြိမ် ကျောင်းတွေကို ဖွင့်လှစ်ခွင့်ပေးရာမှာတော့ ကျန်းမာရေးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက ကျောင်းတွေကို စည်းကမ်းချက်(၇၀) နဲ့ စစ်ဆေးခဲ့ပြီး A အဆင့်ရတဲ့ ကျောင်းတွေကိုသာ ဖွင့်လှစ်ခွင့် ပေးခဲ့တာပါ။

စာသင်ကြားရာမှာလည်း ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အတူ social diatancing ကို ကျင့်သုံးခဲ့ပြီး Mask တွေ face shield တွေကို တပ်ဆင်ပြီး သင်ကြားခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.