မော်လမြိုင် ၊ ဇန်နဝါရီ (၆)

ကိုဗစ်-၁၉ ကြောင့် ရပ်တန့်နေတဲ့ မွန်ပြည်နယ် ငါးလုပ်ငန်းအတွက် စျေးကွက် အသစ်တွေ ဖော်ဆောင်ပေးဖို့ သမဝါယမအသင်းနဲ့ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

တရုတ်စျေးကွက်ကို အဓိက မှီခိုနေရတဲ့ မွန်ပြည်နယ် ငါးလုပ်ငန်းဟာ ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ပြည်ပတင်ပို့မှု ရာနှုန်းပြည့်နီးပါး ရပ်နားခဲ့ရပါတယ်။

ပြည်ပတင်ပို့တဲ့ ငါးတွေကို အအေးခန်းတွေမှာ သိုလှောင်ထားရပြီး အချို့ငါးတွေကိုတော့ ဒေသတွင်းစျေးကွက်မှာသာ အနည်းငယ်ရောင်းချရတာကြောင့် လုပ်ငန်းရှင်တွေက အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

အခုလို အခြေအနေတွေကြောင်း မွန်ပြည်နယ် ငါးစျေးကွက်ကို အထက်မြန်မာပြည်အထိ ရောက်အောင် သမဝါယမအသင်းအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“”ကျွန်တော်တို့သမဝါယမအသင်းကွန်ရက်တွေကနေ ပြည်နယ်အတွင်းနဲ့ ပြည်နယ်ပြင်ပမှာရောပေါ့ စစ်တိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ် အရမ်းဝေးတဲ့ ဒေသတွေထိကို ပြည်နယ်ကထွက်တဲ့ ငါးတွေပို့ဆောင်နိုင်အောင် သမဝါယမအသင်းတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်မှာဖြစ်တယ်”လို့ မွန်ပြည်နယ်သမဝါယမဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးလှဟန်က ပြောပါတယ်။

ဒါ့အပြင် သမဝါယမ အသင်းဖွဲ့တွေက မြို့နယ်အလိုက် ငါးပိသာချိန် (၅၀) (၁၀၀) နီးပါးကို ကားတွေနဲ့ စျေးတွေအရောက် လိုက်လံရောင်းချပေးဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

ဒီလိုရောင်းချရာမှာ အမြတ်မယူဘဲ အရင်းစျေးအတိုင်းသာ ရောင်းချပေးမှာဖြစ်လို့ နောက်ပိုင်းမှာ ဝယ်လိုအားတွေ တက်လာမယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဝင်းက ပြောပါတယ်။

“ကျွန်တော်တို့က mobile နဲ့ ဈေးတွေအရောက် လိုက်ဖြန့်မှာဆိုတော့ သူတို့မှာ ငါးဈေးတွေမှာ သူတို့ကွန်ရက်နဲ့ သူတို့ လိုက်ဖြန့်နေတာရှိတယိ။ အဲတော့ ကျွန်တော်တို့က ဒါကိူ အနှောက်အယှက်မဖြစ်အောင် ကျွန်တော်တို့ဈေးနှုန်းကို အရင်းအတိုင်းရောင်းတဲ့အခါ ကွာခြားမှုတော့ရှိတယ်။ အဲတော့ နောက်ပိုင်းမှာ demand ကတော့ တက်လာဖို့ရှိတယ်။ အဲတော့ ကျွန်တော်တို့က ပေါင်းစပ်ပြီး ဆက်လုပ်ဖို့ပဲ ရှိတာပေါ့”လို့ ဆိုပါတယ်။

ငါးလုပ်ငန်းရှင်တွေကတော့ တရုတ်ကို မပို့ရတဲ့ ငါးတွေကို အထက်မြန်မာပြည်စျေးကွက်မှာ ရောင်းချလိုပြီး လူထု လက်လှမ်းမှီနိုင်တဲ့ စျေးနှုန်းတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

“ လုပ်ငန်းရှင်မှာလည်း တရုတ်ကို မပို့နိုင်တဲ့ ငါးတွေ ရှိတယ် ။ ဒါတွေကို အထက်မြန်မာပြည်စျေးကွက်မှာ ရောင်းချပေးမယ် ပြောတယ်။ လူထုစားသုံးဖို့အတွက် စျေးလည်း သက်သာရမယ်။ တစ်နိုင်ငံလုံးကိုလည်း ရောက်မယ်ဆိုရင် ကျွန်တော်တို့ ရောင်းပေးမှာပါ”လို့ မော်လမြိုင်ဟိုလ်ဒင်း ကုမ္ပဏီ လိမီတက် ဒါရိုက်တာ ဦးအောင်သက်ဌေးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ငါးဗြတ် ၊ ငါးသလောက် အစရှိတဲ့ငါးတွေ အများဆုံး ထွက်ပြီး တရုတ် ၊ စင်ကာပူနဲ့ မလေးရှား စျေးကွက်တို့ကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.