မော်လမြိုင်၊ ဇန်နဝါရီ (၅)

မွန်ပြည်နယ်ကို တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ (၁၉) ဦးကို ကိုဗစ်-၁၉ ပိုးရှိမရှိ စစ်ဆေးပြီး သူတို့ရဲ့ နေရပ် ရခိုင်ပြည်နယ်ကို ဒီကနေ့မှာ ပို့ဆောင်ပေးခဲ့ပြီးလို့ မုတ္တမနယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က သံလွင်တံတား(မော်လမြိုင်) မုတ္တမဘက်ခြမ်းမှာ ရန်ကုန်ဘက်ခြမ်းကနေ မော်တော်ယာဉ်နှစ်စီးနဲ့ တင်ဆောင်လာတဲ့ ဘင်္ဂါလီကျား(၄)ဦး၊ မ(၁၅)ဦးတို့ကို သတင်းအရ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုစစ်ဆေးတွေ့ရှိခဲ့တဲ့သူတွေကတော့ ကိုဗစ်ပိုး ရှိ၊ မရှိစစ်ဆေးပေးခဲ့ရာ ပိုးမရှိသဖြင့် ယနေ့ နံနက်ပိုင်းက ၎င်းတို့နေထိုင်ရာဇာတိဖြစ်တဲ့ ရခိုင်ပြည်နယ်ကိုပြန်လည် ပို့ဆောင်ရန်အတွက် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနကို လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က ဒီပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်ပိုး၊ ရှိ၊ မရှိလာစစ်ပေးတယ်၊ အားလုံးပိုးမရှိဘူး၊ မိန်းကလေး(၁၅)ဦးနဲ့ ယောကျာ်လေး(၄)ဦး ပေါင်း(၁၉)ဦးကိုလည်း ဒီနေ့မနက်မှာ လ.ဝ.ကဌာနကနေ သူတို့ရဲ့ နေရပ်ဌာနေကို ပြန်ပို့ဖို့ မနက် (၁၀)နာရီခန့်မှာဘဲ မုတ္တမကနေ ထွက်ခွာသွားပို့ဆောင်ပါတယ်။အားလုံးက ရခိုင်ပြည်နယ်ကပါခင်ဗျ၊ အခုလိုပို့တာက လ.ဝ.ကမှာ သီးသန့်ညွှန်ကြားချက်ရှိတယ်လို့ ပြောပါတယ်”လို့ ပေါင်မြို့နယ် မုတ္တမနယ်မြေစခန်းမှ ရဲအုပ်ရွှေခိုင်က ပြောပါတယ်။

လက်ရှိဖြစ်စဉ်မှာ ယာဉ်မောင်း(၂)ဦးနဲ့ ပါဝင်ပတ်သက်တဲ့သူ နှစ်ဦးတို့ကို ပူးပေါင်းပါဝင်မှုတွေနဲ့ အမှုဖွင့်ထားပြီး တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

“သယ်ယူတဲ့ကားသမား ၂ ဦးနဲ့ ဒီကိစ္စနဲ့ပါဝင်ပတ်သက်တဲ့သူ ၂ ဦးကိုလည်း ၄ ဦးကို အမှုဖွင့်ထားပါတယ်။ တစ်ဦးကတော့ နေရပ်လိပ်စာအတိအကျရထားပါတယ်။ မဖမ်းမိသေးပါဘူး၊ စုံစမ်းနေဆဲပါ။ လတ်တလော မုတ္တမနယ်မြေရဲစခန်းကနေပြီးတော့ ပူးပေါင်းပါဝင်တဲ့သူတွေဖြစ်တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၃၆၇၊ ၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်”လို့ ရဲအုပ်ရွှေခိုင်က ဆိုပါတယ်။

အဆိုပါ ပူးပေါင်းပါဝင်သူ (၄)ဦးကို အမှုဖွင့်ထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၆၇၊ ၁၁၄ ဟာဆိုရင် အမြင့်ဆုံး ထောင်ဒဏ်(၁၀)နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.