မော်လမြိုင် ၊ ဇန်နဝါရီ (၅)

တတိယအကြိမ်လွှတ်တော်ကို လွှဲပြောင်းပေးဖို့ မွန်ပြည်နယ်လွှတ်တော်က အဆင်သင့်ဖြစ်နေပြီးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။

တတိယလွှတ်တော်သက်တမ်းမှာ အဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်ဖို့အတွက် ဒုတိယအကြိမ် လွှတ်တော်မှာ မဟာဗျူဟာ စီမံကိန်းတွေ ရေးဆွဲထားခဲ့တာပါ။

ဒီစီမံကိန်းကို ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ရေးဆွဲထားတာကြောင့် တတိယကြိမ် လွှတ်တော် စတင်တဲ့ ပထမတစ်နှစ်တာမှာ ချောမွေ့စွာ လည်ပတ်နိုင်မယ်လို့ လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။

“တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ သက်တမ်းစစမှာ ချောမွေ့စွာ အဆင်ပြေစွာ လွှဲပြောင်းပေးဖို့ ဆောင်ရွက်ထားပြီးသားဖြစ်ပါတယ်။အဲလိုဆောင်ရွက်ထားတဲ့နေရာမှာ မွန်ပြည်နယ် ဒုတိယအကြိမ် လွှတ်တော်မှာကတည်းက မဟာဗျူဟာစီမံကိန်း ရေးဆွဲထားပါတယ်။ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ဆိုတော့ကာ ၂၀၂၁ မှာ တက်မယ့် လွှတ်တော်ဥက္ကဌ လွှတ်တော်သည် ရေးဆွဲထားသော မဟာဗျူဟာစီမံကိန်းအရ ၂၀၂၂ ဆိုတော့ ဒီဗျူဟာကို ကြည့်ချင်းအားဖြင့် သက်တမ်းတစ်နှစ်လောက် ဆက်လက်လုပ်နိုင်တာပေါ့ နောက်ပြီးတော့ ချောမွေ့မှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းက လွှတ်တော်ရေးရာကော်မတီ ၈ ခုက ၅ နှစ်တာကာလ ဆောင်ရွက်ချက် အစီရင်ခံစာများကိုလည်း တတိယအကြိမ် လွှတ်တော်ကို လွှဲပြောင်းပေးနိုင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကိုတော့ ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ပထမအပတ်မှာ စတင်မှာ ဖြစ်ပါတယ်။

မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့ဖြင့် ဖွဲ့စည်းထားပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မှာ ပါဝင်ခဲ့ကြတဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးမှာ အမျိုးသားဒီမိုကရေးအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁ ဦးနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ဖြစ်ပါတယ်။

လာမယ့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မှာ ပါဝင်မယ့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးမှာတော့ အမျိုးသားဒီမိုကရေးအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် (၁၇) ဦး ၊  မွန်ညီညွတ်ရေးပါတီက (၆)ဦး အပါအဝင်  တပ်မတော်သားကိုယ်စားလှယ် (၈)ဦးတို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.