မော်လမြိုင်၊ ဒီဇင်ဘာ ၁၅

ကိုဗစ်-၁၉ ကူးစက်မှုလျော့ကျခဲ့တဲ့ သထုံမြို့နယ်အတွင်းက သုဝဏ္ဏဈေး နှင့် မြို့မဈေးကို ကျန်းမာရေးညွှန်ကြားချက်တွေနှင့် အညီ ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်ပြီးလို့ မွန်ပြည်နယ်စည်ပင်သာယာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ သထုံမြို့မစျေးကနေတစ်ဆင့် ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တွေ့ရှိခဲ့တာကြောင့် စျေးတွေကို ပိတ်သိမ်းခဲ့တာပါ။

အခုအခါမှာတော့ ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျလာတာနဲ့အတူ စျေးသူစျေးသားတွေရဲ့ တောင်းဆိုမှုကြောင့် ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ ဒီဇင်ဘာလ(၁၅)ရက်နေ့မှာ စတင်ဖွင့်လှစ်ခွင့် ပေးလိုက်ပြီးလို့ ဆိုပါတယ်။

“အခုကျတော့ သထုံက ပိုးတွေ့တာတွေက လျော့နည်းသွားပြီဆိုတော့ ကျန်းမာရေးနဲ့ ညှိပြီးတော့ ကျန်းမာရေးရဲ့သဘောထားကို တောင်းပြီးတော့ ဖွင့်ခွင့်ပေးလိုက်တာပါ”ဟု ဦးတင်ကိုကိုက ပြောပါတယ်။

ဒါပေမယ့် စျေးအရောင်းအဝယ်ပြုလုပ်ရာမှာ mask တွေကို မဖြစ်မနေ တပ်ဆင်ဖို့နဲ့ hand gel တွေ လက်ဆေးဘေစင်တွေ စီစဉ်ထားပေးဖို့အပြင်  ဆိုင်တစ်ဆိုင်မှာ ဝန်ထမ်း(၂) ဦးထက် ပိုမထားဖို့ အစရှိတဲ့ စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပြီး ဖောက်ဖျက်ရင်တော့ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေတဲ့ မော်လမြိုင်မြို့နယ်နဲ့ဘီးလင်းမြို့နယ်က စျေးတွေကိုတော့ ဖွင့်လှစ်ခွင့်ပေးဖို့ ဆက်လက်ကန့်သတ်ထားအုံးမယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့မှာတော့ ကိုဗစ်-၁၉ ကူးစက်မှု ဆက်တိုက်မြင့်တက်နေပြီး တစ်ရက်ကို ကိုဗစ်အတည်ပြုလူ အနည်းဆုံး (၁၀) ဦးနီးပါး တွေ့ရှိနေတာပါ။

ဒီဇင်ဘာလ(၁၅)ရက်နေ့ စာရင်းတွေအရတော့ မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ( ၁၈၀၀)ကျော်ရှိပြီး သေဆုံးသူကတော့ (၂၀)နီးပါး ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.