မော်လမြိုင် ၊ ဒီဇင်ဘာ (၁၀)

မွန်ပြည်နယ်မှာတော့ လူထုအကြားမှာ ကိုဗစ်-၁၉ ဗိုင်ရပ်စ်ပိုးဟာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီးလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက သုံးသပ်ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလအတွင်းမှာ ကိုဗစ်အတည်ပြုလူနာတွေကို ရာနဲ့ချီ ဆက်တိုက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အတည်ပြုလူနာတွေဟာ အနံ့မရတော့လို့ လာရောက်စစ်ဆေးရာမှ တစ်ဆင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရှိမှန်း တွေ့ရှိခဲ့တာပါ။

အချိန်ကာလတစ်ခုနဲ့ တစ်ခု ကူးစက်မှုနည်းလမ်းက မတူညီပေမယ့် ပြီးခဲ့တဲ့လကစပြီး အနံ့မရသူ ၁၀ ဦးကို ပိုး ရှိ မရှိ စစ်ဆေးရင် ၉ ဦးက ပိုးတွေ့ရှိနေတယ်လို့ ဆိုပါတယ်။

ဒီလိုအနံ့မရသူတွေဟာ  အတည်ပြုလူနာတွေနဲ့ ထိ‌တွေ့မှုမရှိသလို ခရီးသွားရာဇဝင် မရှိသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ဗိုင်ရပ်စ်ပိုးက လူထုအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံနေပြီးဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန ဒု-ပြည်နယ်မှူး ဒေါက်တာဝတ်မှုံက သုံးသပ်ထားပါတယ်။

” အရင်တုန်းကဆိုရင် ဆက်စပ်ထိတွေ့ခဲ့သူတွေရှိမှ ပိုးတွေ့တာပေါ့၊ ဒါနောက်ပိုင်း လူထုထဲမှာ ကူးစက်ပျံ့နှံ့မှုပေါ့၊ ဒေသတွင်း ကူးစက်မှုရှိနေတာပေါ့၊ မသိပဲနဲ့ တစ်နေရာသွားရင်းနဲ့ ကူးစက်ခံရတယ်၊ လက္ခဏာပြမှပဲ ပိုးတွေ့တာ သိတယ်ဆိုတော့ ပြောရရင်တော့ လူထုထဲမှာ ရောဂါက ရှိနေပြီးပေါ့၊ ကိုယ်ကသာရောဂါလက္ခဏာမပြလို့သာ မသိတာ ပြည်သူတွေမှာ ရှိ‌နိုင်တဲ့သဘောပေါ့၊ တစ်နေရာရာကနေ ကူးလာတာပေါ့၊ မကူးပဲနဲ့ မဖြစ်နိုင်ဘူး၊ ကူးတာကလည်း ခရီးသွားမှ ကူးတာ မဟုတ်ဘူးပေါ့၊ အပြင်ထွက်လို့ပဲ လူတိုင်းနီးပါးမှာ ပိုးရှိနေလို့ပဲ ထွက်ရှိတာများလို့ပဲ ကူးတာပေါ့။ အမတို့ဆီမှာက အနံ့မရလို့ စစ်ဆေးရင် ( ၁၀ ယောက်မှာ ၉ ယောက်က ပိုးတွေ့တယ်) ၉၀ ရာခိုင်နှုန်းက တွေ့တယ်။ ရှားရှားပါးပါး တစ်ယောက်တလေလောက်ပဲ မတွေ့တာပေါ့”လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေးဖြစ်တဲ့နေရာတွေနဲ့ ကူးစက်မှုဖြစ်ပွားခဲ့တဲ့နေရာတွေကို အတတ်နိုင်ဆုံး မသွားဖို့ ကျန်းမာရေးဌာနက တိုက်တွန်းလိုက်ပါတယ်။

မဖြစ်မနေသွားလာရင်တော့ ကိုဗစ်အကာအကွယ် တွေကို လမ်းညွှန်ချက်အတိုင်း တပ်ဆင်သွားလာကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ထွက်မယ့်နေရာအပေါ်လည်း မူတည်တယ်၊ သူထွက်မယ့်နေရာက ဖြစ်ပွားမှု များနိုင်တဲ့ ဈေးတွေ စူပါမားကတ်တွေ လူစုလူဝေးနဲ့ ရှိတဲ့ ပွဲလမ်းသဘင်နေရာတွေက ရာခိုင်နှုန်းကူးစက်မှုက များသွားပြီးပေါ့၊ ကိုယ်သွားတဲ့နေရာက သွားလာမယ့်အချိန် ခန့်မြန်မြန်သွားမယ်၊ လူစုလူဝေးနဲ့ထိတွေ့ခဲ့မှုမရှိဘူး၊ ကိုယ်လုပ်စရာရှိတာ လုပ်ပြီး အမြန်ပြန်လာမယ်၊ mask က တပ်သွားရမယ်၊ အဲဒါလည်း အရေးကြီးပါတယ်၊ mask ကို သေချာတပ်သွားရင် ကူးစက်မှုက မရှိသလောက်ပဲပေါ့။ အဓိက နေရာ၊ အချိန်၊ mask တပ်တာ မတပ်တာ အဲဒီအပေါ်မှာ မူတည်ပါတယ်။”ဟု ၎င်းက ပြောသည်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ (၉)ရက်နေ့ ညပိုင်းအထိ ထုတ်ပြန်ချက်အရဆိုရင် မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၇၅၀) ကျော် ရှိပြီး သေဆုံးသူကတော့ (  ၁၇) ဦး ရှိပြီး ဖြစ်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.