ဓာတ်ပုံ - ဇင်မိုး

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၀)

မွန်ပြည်နယ်က ကိုဗစ်-၁၉ ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်း (၈) ဦး ပါဝင်တယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဇင်ဘာလ (၉)ရက်နေ့ ညပိုင်းစာရင်းတွေအရ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ( ၁၇၅၀)ကျော်ရှိပြီး ဖြစ်ပါတယ်။

နိုဝင်ဘာလအတွင်းမှာ မော်လမြိုင် ၊ ကျိုက်ထိုနဲ့ သထုံမြို့နယ်တို့မှာ ဒေသတွင်း ကူးစက်ခံရသူ ရာနဲ့ချီ ရှိခဲ့တာ ဖြစ်ပါတယ်။

အာ့ဒီအထဲမှာ စေတနာဝန်ထမ်းအဖြစ်ဆောင်ရွက်နေသူ (၃) ဦးနဲ့ ကုသရေးပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း(၅)ဦးတို့ဟာ ကိုဗစ်-၁၉ ဗိုင်းရပ်ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အာ့ဒီအထဲက (၃) ဦးကတော့ ရောဂါပြန်လည်ပျောက်ကင်းသွားပြီး ကျန်တဲ့(၅)ဦးကတော့ ကူးစက်ခံထားရဆဲ ဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန ဒု-ပြည်နယ်မှူး ဒေါက်တာဝတ်မှုံက ဆိုပါတယ်။

“ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်နေသူတွေထဲက ကူးစက်ခံရတော့ သုံးယောက်ပေါ့။အခုလက်ရှိ ကူးစက်ခံထားရတာကတော့ ငါးယောက်လောက်ရှိတယ်။ ကုသရေးပိုင်းက ကျန်းမာရေးဝန်ထမ်းတွေပေါ့”လို့ ဆိုပါတယ်။

အခုလို ကျန်းမာရေးဝန်ထမ်းတွေလည်း ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့အတွက် ရေရှည်မှာ ဝန်ထမ်းအင်အား မလုံလောက်မှာကို စိုးရိမ်မှုတွေတော့ ရှိနေပါတယ်။

မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူနဲ့ ထိတွေ့ခဲ့သူတွေ အမြောက်အများရှိခဲ့တဲ့အတွက် နိုဝင်ဘာလ (၈)ရက်နေ့ကစပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ (၁၄)ရက် အသွားအလာကန့်သတ်ဖို့ မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.