မော်လမြိုင် ၊ ဒီဇင်ဘာ (၉)

ကိုဗစ်-၁၉  အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို ရောဂါပိုး ရှိမရှိ စစ်ဆေးတော့မှာ မဟုတ်ဘဲ နေအိမ်မှာဘဲ (၁၄) ရက် QUARANTINE နေခိုင်းတော့မယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ နိုဝင်ဘာလယ်ပိုင်းကစပြီး ကိုဗစ်အတည်ပြုလူနာတွေကို ဆက်တိုက်တွေ့ရှိခဲ့ပြီး ထိတွေ့ခဲ့သူတွေက ရာနဲ့ချီ ရှိနေတာပါ။

ဒီလိုအခြေအနေတွေကြောင့် ကိုဗစ်လူနာနဲ့ ထိတွေ့ခဲ့သူတွေကို မိမိနေအိမ်များတွင်သာ ကန့်သတ်စောင့်ကြည့်မှု ပြုလုပ်သွားမှာဖြစ်ပြီး ရောဂါလက္ခဏာတစ်စုံတစ်ရာထူးခြားလာပါက ကျန်းမာရေးဌာနရဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ် အကြောင်းကြားကာ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ်မှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

“ကိုဗစ်နဲ့ပတ်သက်တဲ့ လက္ခဏာ ပေါ်လာမယ်၊ အနံ့ပျောက်လာမယ်ပေါ့နော်၊ ဖျားမယ်၊ ချောင်းဆိုမယ်၊ မောမယ်ဆိုရင် ဒါတွေကို ကျန်းမာရေးဌာနကို ဖုန်းဆက်မယ်၊ ပိုးစစ်ပေးမယ်၊ ပိုးတွေ့ရင်တော့ ဆေးရုံတင်မှာပေါ့၊ ပိုးမတွေ့ဘူး၊ ဒါပေမယ့် သူ့လက္ခဏာက ဆေးရုံတင်ရမယ့်လက္ခဏာဆိုရင်လည်း ဆေးရုံထပ်ပို့ရမယ်ပေါ့၊ တခြားလူနာသတ်မှတ်မှာပေါ့နော်၊ ပိုးတွေ့တဲ့ လက္ခဏာ ပေါ်လာရင်တော့ လိုအပ်တဲ့ဟာတွေ လုပ်ပေးမယ်ပေါ့၊ ပုံမှန်ကတော့ (ပိုး ရှိ၊ မရှိ)ကို မစစ်ဆေးပေးတော့ဘူး၊ ၁၄ ရက်အတွင်း အိမ်မှာနေရမှာပေါ့”လို့ ဆိုပါတယ်။

 ဒီလိုကိုဗစ်အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်တွေမှာ ကန့်သတ်စောင့်ကြည့်ထားတဲ့ကာလအတွင်းမှာ အပြင်ထွက်သွားလာခြင်းမရှိဖို့က သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက စောင့်ကြည့်နေမှာဖြစ်သလို လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့က ကူညီပေးသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်သွားလာတာကို စိစစ်တွေ့ရှိခဲ့ရင်တော့ ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ဆိုပါတယ်။

“နေအိမ်မှာ အခက်အခဲရှိလာရင် ကျွန်တော်တို့ အုပ်ချုပ်ရေးအပိုင်းကနေပြီးတော့ သူတို့တွေ အိမ်ထဲမှာ နေပြီး လိုအပ်တဲ့ ပစ္စည်းတွေမှာယူဝယ်ယူချင်ရင်တော့ တန်းဖိုကတော့ သူတို့ဟာ သူတို့ကျခံရမှာပေါ့၊ ဝယ်ပေးရုံပဲ ရှိမှာပေါ့နော်၊ စားဝမ်းနေရေးလုံးလုံးဝအဆင်မပြေတဲ့သူတွေကျတော့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပေါင်းပြီး ကူညီဆောင်ရွက်ပေးသွားမှာပေါ့။ တာဝန်ချတဲ့စောင့်ကြည့်နေရာကနေပြီးတော့ တခြားကိုသွားရင်တော့ ဥပဒေနဲ့အညီ အရေးယူမှာပေါ့နော်။ အုပ်ချုပ်ရေးအပိုင်းကတော့ ဆယ်အိမ်မှူးရာအိမ်မှူးတွေနဲ့ စောင့်ကြည့်သွားမှာပါ”လို့ ဆိုပါတယ်။

ဒီဇင်ဘာလ (၉)ရက်နေ့ မနက်ပိုင်းအထိတော့ မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၇၀၀) ကျော် ရှိပြီး သေဆုံးသူကတော့ (၁၇) ဦး ရှိပြီး ဖြစ်ပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.