ဓာတ်ပုံ - ဇင်မိုး

မော်လမြိုင် ၊ ဒီဇင်ဘာ (၇)

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် မလိုအပ်ရင် အိမ်အပြင်မထွက်ကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မေတ္တာရပ်ခံလိုက်ပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုဟာ နိုဝင်ဘာလအတွင်း ဆက်တိုက်မြင့်တက်လာပြီးနောက် လက်ရှိအချိန်ထိ ကူးစက်ခံရသူ (၁၆၄၀)ကျော် ရှိပြီး ဖြစ်ပါတယ်။

ဒေသတွင်း ကူးစက်မှုတွေ ပိုမို များပြားလာပြီးတဲ့နောက် Quarantine centre တွေကို တိုးချဲ့ဖွင့်လှစ်ခဲ့ရပြီး ကုသရေးအတွက်လည်း မော်လမြိုင်အပြင် သထုံမြို့မှာပါ ယာယီဆေးရုံတွေ ဖွင့်လှစ်ထားရပါတယ်။

အခုလို အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ အိမ်အပြင်မထွက်ကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မေတ္တာရပ်ခံလိုက်ပါတယ်။

“ကာကွယ်ဖို့က ​အရေးကြီးဆုံးပေါ့ ကိုယ်မဖြစ်ဖို့ ကို့မိသားစု မဖြစ်ဖို့ ။ mask မဖြစ်မနေ တပ်ဖို့ လက်ဆေးရမယ် မလိုအပ်ရင် အိမ်အပြင်မထွက်ဖို့ပေါ့ ။အာ့တာလေးတွေ လိုက်နာမယ်ဆိုရင် ကူးစက်မှုတွေက အတန်အတင့် လျော့သွားမယ်။ အာ့တာလေးတွေ လိုက်နာဖို့ မှာချင်တယ်”လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု- ပြည်နယ်မှူး ဒေါက်တာဝတ်မှုံက ဆိုပါတယ်။

မွန်ပြည်နယ်အစိုးရကတော့ မော်လမြိုင် ၊ ကျိုက်ထို နဲ့ ဘီးလင်းတို့မှာ stay at home နေထိုင်ဖို့နဲ့ ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုဟာ ဆက်တိုက်မြင့်တက်လာပြီး ဒီဇင်ဘာလ (၇)ရက်နေ့ မနက်ပိုင်းအထိတော့ ကူးစက်ခံရသူ ( ၉၉၀၀၀) ကျော် ရှိပြီး ဖြစ်ပါတယ်။

အာ့ဒီအထဲက (၇၇၀၀၀)ကျော်ကတော့ ပြန်လည်ကောင်းမွန်လာလို့ ဆေးရုံဆင်းခွင့်ရခဲ့ပြီး (၂၁၀၀) ကျော်ကတော့ သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.