မော်လမြိုင် ၊ နိုဝင်ဘာ (၂၅)
ရွေးကောက်ပွဲအလွန်မှာ မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာ ကူးစက်ခံရသူ (၃၅၀)နီးပါး ရှိပြီး ဖြစ်ပါတယ်။
နိုဝင်ဘာလ လလယ်ပိုင်းကစပြီး သထုံမြို့နယ်မှာ အနံ့မရတော့တဲ့ အတည်ပြုလူနာတွေ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ကျိုက်ထိုနဲ့ မော်လမြိုင်မြို့နယ်တို့မှာလည်း ကူးစက်ခံရမှုတွေကို ဆက်တိုက်တွေ့ရှိခဲ့တာပါ။
သထုံမြို့နယ်မှာတော့ ရွေးကောက်ပွဲနေ့ ဆန္ဒမဲလာပေးသူတွေထဲမှာလည်း covid-19 အတည်ပြု လူနာတွေ တွေ့ရှိထားတာပါ။
ရွေးကောက်ပွဲကာလမှာ လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့တာကြောင့် covid-19 ကူးစက်မှုဟာ အခုလို ပျံ့နှံ့ခဲ့တာလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက သုံးသပ်ထားပါတယ်။
“အရင်တုန်းကတော့ တွေ့တာ တွေ့တယ်၊ လက္ခဏာမပြကြဘူး၊ အခုက လက္ခဏာပြလာတယ်ဆိုတော့ ထင်းထင်းရှားရှားသိလာတယ်၊ ဆက်စပ်ထိတွေ့ခဲ့သူတွေလည်း ပိုများလာတယ်ပေါ့၊ များလာတာတွေကတော့ ဖြစ်နိုင်တာ ပိုးတွေ့တဲ့တစ်ယောက်နဲ့ နောက်တစ်ယောက်နဲ့ နောက်တစ်ယောက်နဲ့ လူစုလူဝေးနဲ့ ထိတွေ့မှုတွေ များခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့လို့ပေါ့နော်၊ အရှေ့ပိုင်းမှာဆို လူစုလူဝေးတွေဖြစ်ခဲ့ကြတယ်။ ပြီးတော့ တစ်ခါရှိကြတယ်ဆိုတော့ အဲဒီအရှိန်ကြောင့် များလာတယ်လို့ပဲ သုံးသပ်လို့ရတယ်ပေါ့”လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ် ဦးစီးမှူး ဒေါက်တာဝတ်မှုံက ဆိုပါတယ်။
လက်ရှိမှာတော့ အတည်ပြုလူနာတွေအပြင် ထိတွေ့ခဲ့သူတွေလည်း အမြောက်အများရှိတာကြောင့် မော်လမြိုင်ဆေးရုံကြီးအပြင် သထုံမြို့နယ်မှာပါ ကုသပေးနိုင်အောင် ကျန်းမာရေးဌာနက စီစဉ်နေပါတယ်။
“အရင်တုန်းက လူနာပေါင်းမှ ၁၀၀ ကျော်လောက်ပဲရှိတယ်။ အခုဟာက လူနာ ၃၅၀ နီးပါးရှိလာပြီးဆိုတော့ လူနာနေထိုင်ဖို့ ပြင်ဆင်ထားတာ ၅၀၀ ကျော် လောက်ပဲရှိတယ်ဆိုတော့ ၁၅၀ ကျော်လောက်ပဲ ကျန်တော့တယ် အဲဒါကို စိတ်ပူပြီးတော့ ထပ်ပြင်ကြမလားပေါ့နော်၊ မော်လမြိုင်မှာတော့ ထပ်လုပ်ဖို့ကတော့ အမတို့အနေနဲ့ သေချာမသိသေးဘူးပေါ့နော်၊ သထုံမှာတော့ နေရာစီစဉ်နေတာပေါ့၊ သထုံမှာပဲထားဖို့ကတော့ ဟိုဘက်က လာတဲ့လူနာတွေပေါ့နော်” လို့ ဒေါက်တာဝတ်မှုံက ပြောပါတယ်။
အခုလို ကူးစက်မှုတွေ မြင့်တက်လာပြီးတဲ့နောက်မှာတော့ မြို့နယ်အသီးသီးမှာ အသိပညာပေး mask ကမ်းပိန်တွေကို တစ်ဖန် ပြန်လည် ဆောင်ရွက်လာကြပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာလ ၂၄ ရက်ညပိုင်း ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြု လူနာ ၁၁၁၆ ဦးအထိရှိပြီး အဲဒီထဲက သက်သာလာလို့ဆေးရုံဆင်းခွင့်ရသူကတော့ ( ၈၅၀ ) ဦးနီးပါးရှိပြီးလို့ သိရပါတယ်။
သတင်း – နွန်နွန်