လာအိုနိုင်ငံအတွင်း တည်ဆောက်ထားတဲ့ ဆန်နာက်ခမ် ဆည်စီမံကိန်းက မဲခေါင်မြစ် ကို ထိခိုက်နိုင်ချေ ရှိတယ်လို့ လေ့လာသိရှိရပြီးတဲ့နောက်ပိုင်းမှာ အဆိုပါစီမံကိန်းမှ လျှပ်စစ်ဓါတ်အား ဝယ်ယူခြင်းမပြုဖို့ ထိုင်းအစိုးရက အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ အင်္ဂါနေ့ဘန်ကောက်မြို့မှာ ကျင်းပတဲ့ မဲခေါင်မြစ်ဆိုင်ရာ ဆွေးနွေးပွဲမှာ နိုင်ငံတော်ရေအရင်းအမြစ်ရုံး အထွေထွေအတွင်းရေးမှူး စုမ်ကီရတ် ပါရာဂျမ်ဝန် က “တိုင်းပြည်ရဲ့ နယ်နိမိတ်က ကျနော်ရဲ့ ပဓာနကျတဲ့ စိုးရိမ်ပူပန်မှုပါပဲ” လို့ပြောကြားလိုက်ပါတယ်။

“နယ်ခြားမျဥ်းကို ထိခိုက်မှုမရှိနိုင်ပါဘူးဆိုတဲ့ ရှင်းလင်းတဲ့ သက်သေခံချက် မရမချင်းတော့ ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းကို သဘောတူညီပေးနိုင်မှာ မဟုတ်ပါဘူး” လို့အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ပြောကြားခဲ့ပါတယ်။

မစ္စတာ စုမ်ကီရတ် ရဲ့ ပြောကြားချက်အရ မနက်ဖြန်မှာ ကျင်းပမယ့်  ဝန်ကြီးဌာနများရဲ့ Virtual အစည်းအဝေးမှာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ပါရာဝိတ် ဝုန်ဆူဝန်ကိုယ်တိုင်  အဆိုပါ စီမံကိန်းအပေါ် တရားဝင် ကန့်ကွက်ထုတ်ပြန်နိုင်ဖို့ကို ထိုင်း Cabinet အဖွဲ့က ဆုံးဖြတ်ခဲ့တယ်လို့ ပါရှိပါတယ်။

ထိုင်းနှင့် လာအို နှစ်နိုင်ငံ နယ်ခြားမျဥ်းအဖြစ်အသုံးပြုနေတဲ့ မြစ်နဲ့ ဆည်တမံ အလွန်နီးကပ်နေတာကြောင့် အဆိုပါစီမံကိန်းရဲ့ တည်နေရာနှင့်ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

မဲခေါင်မြစ်တလျှောက်မှာရှိတဲ့ လူအများရဲ့ အသက်ရှင်နေထိုင်မှုနှင့် စားဝတ်နေရေး၊ ရေချိုဂေဟစနစ် စသည့် အကြောင်းအချင်းအရာနှစ်ခုစလုံးအတွက် ထိုင်းဝန်ကြီးအဖွဲ့က အထူးစိုးရိမ်ပူပန်စရာများ ရှိနေတယ်လို့ မစ္စတာ စုမ်ကီရတ် က ပြောကြားခဲ့ပါတယ်။

ထိုင်းအစိုးရအနေဖြင့် အဆိုပါ စီမံကိန်းကနေ လျှပ်စစ်ဓါတ်အားဝယ်ယူဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ပြန်လည်သုံးသပ်သွားသပ်မယ်လို့ အဆိုပါ ပုဂ္ဂိုလ်က ဖြည့်စွက် ပြောကြားခဲ့ပါ တယ်။

“ထိုင်းအစိုးရအနေနဲ့ ဒီစီမံကိန်းက သဘာဝပတ်ဝန်းကျင်ကို ကြီးကြီးမားမား ပျက်စီးဆုံးရှုံးနိုင်ချေရှိတယ် မရှိဘူးဆိုတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ဖို့ အခွင့်အာဏာရှိပါတယ်”လို့ အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့ပြီး စွမ်းအင် ဝန်ကြီးဌာနအနေနဲ့ နိုင်ငံအတွင်းမှာ လျာထားတဲ့ စွမ်းအင်အရင်းအမြစ်များ များစွာရှိတာကြောင့် လာအိုနိုင်ငံ က ထပ်ဝယ်ဖို့ မလိုအပ်သေးဟူ၍လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 

ထို့အပြင် ရေနယ်နိမိတ်ပေါ်မှာ တည်ဆောက်မယ့် ဆာနာက်ခမ် ဆည်တမံရဲ့ အကျိုးဆက်ပြဿနာကို နှစ်နိုင်ငံနယ်ခြားကော်မတီကို ပေးပို့သွားမှာလည်းဖြစ်ပါတယ်။

ထိုင်းအစိုးရအနေဖြင့် မဲခေါင်မြစ်ဝှမ်းတလျှောက်မှာရှိတဲ့ ဒေသ ရှစ်ခုမှာ ဒေသခံပြည်သူများနှင့် ကြားနာပွဲများ ပြုလုပ်သွားဖို့ရှိပြီး လိုအပ်တဲ့ နည်းပညာရပ်ဆိုင်ရာ အချက်အလက်များ မရမချင်း စီမံကိန်း နှင့်ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့သွားမှာဖြစ်ပါတယ်။

လာအိုနိုင်ငံအစိုးရမှ ပေးပို့လာမယ့် နုန်း၊ အနည်အနှစ်နှင့် ရေစီးဆင်းမှု စသဖြင့် စီမံကိန်းနှင့်ပတ်သက်တဲ့ ရှုထောင့်များဆိုင်ရာ အချက်အလက်များကို  ထိုင်းအစိုးရမှ လက်ခံရရှိဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။

လာအိုအစိုးရဟာ လိုအီ ချီယန်ကန် ခရိုင်မှာ ၁.၄၂ ကီလိုမီတာထိရှည်ပြီး ၆၈၄ မီဂါဝတ်ထိထုတ်လုပ်နိုင် တဲ့ ရေအားလျှပ်စစ်တစ်ခုကို တည်ဆောက်သွားဖို့ ပြင်ဆင်နေတာပါ။

ဘတ် ၆.၄ ဘီလီယမ်လောက်ကျသင့်မယ့် အဆိုပါ စီမံကိန်းကိုတော့ တရုတ်အစိုးရရဲ့ ရန်ပုံငွေကိုအသုံးပြုကာ ယခုနှစ်အတွင်းမှာ တည်ဆောက်သွားမှာဖြစ်ပြီး ၂၀၂၈ ခုနှစ် အဆုံးသတ်နိုင်မှာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

ဘာသာပြန် – အောင်မျိုးမြတ်

 Ref – bangkok post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.