မော်လမြိုင် ၊ နိုဝင်ဘာ (၂၄)
ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ တိုင်းရင်းသားပါတီတွေအပေါ် NLD ရဲ့ ဖိတ်ခေါ်မှုကို မွန်ညီညွတ်ရေးပါတီက လက်ခံကြိုဆိုလိုက်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ပါတီ(၁၉)ခုက အနိုင်ရထားပြီး NLD နဲ့ USDP ကလွဲရင် ကျန်တဲ့ (၁၇)ပါတီက တိုင်းရင်းသားပါတီတွေ ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန်မှာ NLD ပါတီက အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားပါတီတွေထံ နိုဝင်ဘာလ(၁၇)ရက်နေ့မှာ အိတ်ဖွင့်စာ ပေးပို့ခဲ့တာပါ။
အဆိုပါ အိတ်ဖွင့်စာနဲ့ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီက ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ပြီးတဲ့နောက် အခုလို လက်ခံကြိုဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် NLD ရဲ့ အိတ်ဖွင့်စာဟာ နှိုုးဆော်စာသဘောသာဖြစ်လို့ မွန်ညီညွတ်ရေးပါတီအနေနဲ့ တစ်စုံတစ်ရာ အကြောင်းပြန်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“NLD က ပေးလာတဲ့စာအပေါ်မှာ ကျွန်တော်တို့က လေ့လာမိသလောက် အဲဒီစာက ကျွန်တော်တို့ ပါတီကို သဘောထားတစ်ခုခု တောင်းတဲ့စာမဟုတ်သေးဘူး နောက်ကမ်းလှမ်းချက်တစ်ခုခုမဟုတ်သေးဘူး နိုင်ငံရေးပါတီတွေကို အသိပေးနှိုးဆော်ထားတဲ့ စာပဲဖြစ်တဲ့အတွက် ဒီအပေါ်မှာ ကျွန်တော်တို့က အကြောင်းပြန်ဖို့ မလိုအပ်ဘူး သို့သော်လည်းပဲ NLD ရဲ့စာကိုတော့ ကျွန်တော်တို့ ကြိုဆို အသိမှတ်ပြုတယ်”လို့ မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောပါတယ်။
အခုလို NLD ပါတီရဲ့ ဖိတ်ခေါ်မှုကိုတော့ ကချင်ပြည်နယ် ပြည်သူ့ပါတီ နဲ့ ရခိုင်အမျိုးသားပါတီတို့ကလည်း အပြုသဘောနဲ့ ကြိုဆိုထားကြပါတယ်။
NLD အနေနဲ့ တိုင်းရင်းသားပါတီတွေကို ဖက်ဒရယ်ပြည်ထောင်စုအရေးမှာ ပူးပေါင်းပေးဖို့ ကမ်းလှမ်းထားပေးမယ့် အစိုးရဖွဲ့ရေးမှာ တိုင်းရင်းသားတွေရဲ့ ပါဝင်မှုကို တိတိကျကျ သတ်မှတ်ထားတာမျိုး မရှိသေးဘူးလို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်