ချောင်းဆုံမြို့တွင် MUPဝန်းရံသူများ လှည့်လည်အင်အားပြစဉ်

မော်လမြိုင် ၊ နိုဝင်ဘာ (၂၃)

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်က ပွင့်လင်းမြင်သာမှု အလွန်အားနည်းတယ်လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲကျင်းပပြီးနောက် မဲရလဒ်တွေနဲ့ပတ်သက်ပြီး မဲစာရင်းတွေကို တောင်းခံရာမှာ မထုတ်ပေးတဲ့အတွက် အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သံဖြူဇရပ်၊ ကျိုက်မရောနဲ့ ပေါင်မြို့နယ်က မဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲရလာဒ်အပေါ် သံသယရှိတဲ့အတွက် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေက မဲရလဒ်တွေကို တိုက်စစ်ဖို့ ကြိုးစားနေတာပါ။

ကိုယ်စားလှယ်လောင်းတချို့က ရွေးကောက်ပွဲရလာဒ်နဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့အတွက် လိုအပ်တဲ့ မဲစာရင်းပုံစံတွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှာ တောင်းခံပေးမယ့် မထုတ်ပေးခဲ့ဘူးလို့  မွန်ညီညွတ်ရေးပါတီ ဗဟိုအောင်နိုင်ရေးကော်မတီက ပြောပါတယ်။

“အထူးသဖြင့်ပေါ့နော် ပွင့်လင်းမြင်သာမှု အလွန်နည်းတယ် ဘာဖြစ်လို့လဲဆိုတော့ အခုရွေးကောက်ပွဲကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ လိုတဲ့ စာရွက်စာတမ်းတွေ အထူးသဖြင့်တော့ ပုံစံ ၁၆ တို့ နောက်ပြီး မဲစာရင်းတွေကို ပြန်လည်တိုက်ကြည်ဖို့အတွက် ကျွန်တော်တို့ဘက်က လိုအပ်တာတွေကို အဲဒါကို ကော်မရှင်က မထုတ်ပေးနိုင်ဘူး အဆင့်ဆင့်ကော်မရှင်ကပေါ့” ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး နိုင်သန်းရွှေက ပြောပါတယ်။

မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကတော့ မဲရလဒ်တွေကို ကပ်ထားကြေညာပြီးဖြစ်ပြီး မိတ္တုကူးယူခွင့်ကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားပြီး ခွင့်ပြုမှသာ ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

“ ရွေးကောက်ပွဲရလဒ်က ကြေညာထားပြီးသား ပုံစံ(၁၉)ဆိုလည်း ကပ်ထားတယ် (၁၆) ဆိုလည်း မဲရုံမှာ ကပ်ထားပြီးသား မိတ္တူကူးယူခွင့်တောင်းတာတွေက ပြည်ထောင်စုရဲ့ ညွှန်ကြားချက်ရမှပေးတာ ဒါက အစဉ်အဆက် ၂၀၁၀ ၊ ၂၀၁၅ မှာရော ။ ကပ်ထားကြေညာဖို့ဘဲ နည်းဥပဒေမှာပါတာ သူတို့ဆီက တင်လာရင်တော့ ပြည်ထောင်စုဆီ တင်ပေးမှာပါ”လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး နိုင်လယိတမက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်အတွင်း NLD ပါတီက (၃၄)နေရာ အနိုင်ရရှိထားပြီး မွန်ညီညွတ်ရေးပါတီကတော့ (၁၁) နေရာ အနိုင်ရရှိခဲ့ပါတယ်။

မဲရလဒ်တွေကိုတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လက်မခံသေးဘဲ ပါတီဝန်းရံသူတွေကတော့ တိုင်းဒေသကြီးတစ်ချို့မှာ ဆန္ဒပြတာတွေ ပြုလုပ်နေကြပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.