မော်လမြိုင် ၊ နိုဝင်ဘာလ (၂၃)

ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တပ်မတော် ၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက စိတ်ရင်းစေတနာနဲ့ အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြဖို့ မွန်ပြည်သစ်ပါတီက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

NLD အစိုးရလက်ထက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂)ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (MNSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးရလဒ်တွေအရ ဖက်ဒရယ်တည်ဆောက်ဖို့ လမ်းညွှန်အခြေခံမူ (၅)ရပ် ရရှိထားပါတယ်။

၂၀၂၀ အလွန်မှာ အကောင်အထည်ဖော်ဖို့အတွက် ဇယား(၁)ရထားပြီး မူဘောင်အနေနဲ့ သဘောတူညီချက် (၁၂)ချက် ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေက ရှေ့ဆက်ညှိနှိုင်းဆွေးနွေးစရာတွေ များစွာကျန်ရှိနေတာကြောင့် တပ်မတော် ၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက စိတ်ရင်းစေတနာနဲ့ အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြဖို့ မွန်ပြည်သစ်ပါတီက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“တပ်မတော်ကလည်း ကျွန်တော်ထင်တယ် ဒီအတွေ့အကြုံတွေနဲ့ ရင့်ကျက်မှုရှိလာပြီးဆိုတော့ တဖြည်းဖြည်းဖြစ်လာမယ်၊ တကယ့်စေတနာမှန်နဲ့ ရိုးသားမှုနဲ့ ကျွန်တော်တို့နိုင်ငံကို ပေါင်းစပ်သွားမယ်ဆိုရင် ဒါကအကောင်းဆုံးနည်းလမ်းတစ်ခုပေါ့၊ နိုင်ငံတကာအခြေအနေနဲ့ကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေထက် အများကြီးနောက်ကျနေတယ်၊ ဒါကို ကျွန်တော်တို့အနေနဲ့ သင်ခန်းယူပြီး ကိုယ့်အချင်းချင်းညီညွတ်ဖို့၊ တစ်ဆို့နေတဲ့အခြေအနေကိုကျော်ဖြတ်ဖို့အတွက် အပေးယူလုပ်ပြီးတော့ အပြန်အလှန်ဆွေးနွေးပြီးတော့ တကယ့်ကိုစိတ်ရင်းစေတနာမှန်နဲ့လုပ်ဆောင်ဖို့ အရေးကြီးတယ် ” လို့ မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောပါတယ်။

NCA လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ NCA စာချုပ်မှာ  လက်မှတ်ရေးထို နိုင်ရေးဖို့ ညှိနှိုင်းမှုတွေပြုလုပ်နေပြီး ဖြစ်ပါတယ်။

 အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေဖြစ်ကြတဲ့   “၀” လက်နက်ကိုင်အဖွဲ့ (UWSA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လာနိုင်ဖို့အတွက်တော့  ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.