မော်လမြိုင် ၊ နိုဝင်ဘာ (၁၈)

အစိုးရရဲ့ ကိုဗစ်ကာလထောက်ပံ့ကြေးငွေတွေကို ရသင့်တဲ့သူအားလုံးရအောင် ဆောင်ရွက်ပေးနေတယ်လို့ ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။

နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို ငွေးကြေးထောက်ပံ့ပေးနေတာ ယခုအကြိမ်အပါအဝင် ၅ ကြိမ်မြောက်ရှိပြီးလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုထောက်ပံ့ပေးတဲ့အခါ အောက်ခြေမှာ ရသင့်ရထိုက်တဲ့သူတွေ ကျန်ရှိတာမျိုးမဖြစ်ရလေအောင် ဒေသအလိုက်၊ ရွာအလိုက်သေချာစစ်ဆေးကာ သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးတွေရဲ့ ကြေညာသင်ပုန်း တွေမှာ ကြေညာပြီးမှသာ ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

“တချို့ရွာတွေမှာဆိုရင် မရဘူးသေးတဲ့သူတွေ ကျန်နေတဲ့သူတွေ ရှိသေးတာပေါ့နော်၊ တစ်ရွာနဲ့ တစ်ရွာက ပုံစံမတူတဲ့အခါကျတော့၊ တချို့ရွာကျတော့ နောက်ထပ်ကျန်ခဲ့သူတွေ မရှိတော့ဘူး၊ ပြန်ထောက်ပံ့ပေးတာရှိတယ်၊ တချို့ကျတော့ ကျန်နေတော့လည်း တစ်ရွားလုံးကို မပေးတော့ဘဲ ကျန်သေးတဲ့ လူတွေကိုပဲ ပေးလိုက်တာရှိတယ်၊ အခုမှစပြီး လူသစ်တွေကို ကျန်နေသေးတော့ လူသစ်တွေကို ပြန်ကောက်ပြီး ပေးလိုက်တာရှိတယ်။ ဒီမှာကျတော့ ဒေသချင်းမတူတော့ ရွာအလိုက်ကို ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ လုပ်တယ်ပေါ့”လို့ ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကိုကိုက ပြောပါတယ်။

ဒါအပြင် ရသင့်ရထိုက်တဲ့ အိမ်ထောင်စုတွေအနေနဲ့ သတ်မှတ်ငွေကြေးအတိုင်း ထောက်ပံ့ကြေးမရရင် တိုင်ကြားနိုင်မယ့်နေရာတွေကိုလည်း  မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ပေးထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တိုင်ကြားတဲ့အခါမှာ တိုင်ကြားသူအမည်နဲ့ ကျေးရွာတွေကို တိတိကျကျပြောမှသာ မြေပြင်မှာ တိတိကျကျ နဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။

“တချို့ကျတော့ အပျော်သဘောမျိုးနဲ့လား ဘယ်လိုသဘောမျိုးလည်းတော့ မသိဘူးပေါ့နော်၊ တိုင်ကြားတယ်ပေါ့၊ ဖုန်းနဲ့ဆိုတော့ အမည်လည်းမပြောဘူး၊ လုံးသုတ်ပြီး ပြောသွားတယ်ပေါ့၊ ဖြစ်စေချင်တာကတော့ ကျွန်တော်ကတော့ ဘယ်ရွာကဘယ်သူပါ။ ဘယ်နေရာမှာ ဘယ်သူပါနေတယ်၊ ဘယ်နေရာ ဘယ်သူက မပါသေးဘူး၊ အဲလိုမျိုးပြောပေးလို့ရှိရင် ကျွန်တော်တို့ ဖြေရှင်းပေးရတာ အဆင်ပြေတယ်ပေါ့၊ တချို့က လုံးပြီးပြောတော့ ကျွန်တော်တို့ ဖြေရှင်းပေးရတာအဆင်မပြေဘူးပေါ့”လို့ ဦးမျိုးကိုကိုက ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာဆိုရင် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စု(၁၁၄၀၀၀)ကျော်ကို ကိုဗစ်ကာလ ထောက်ပံ့ကြေး ပေးအပ်ခဲ့တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ လူမှုကွန်ယက် Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.