မော်လမြိုင် ၊ နိုဝင်ဘာ (၁၆)

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အရပေါ်ထွက်လာသော မွန်ပြည်နယ်လွှတ်တော်အခင်းအကျင်းကား သုံးပွင့်ဆိုင်အားပြိုင်မည့်ပုံကို အခြေခံထားသော ပုံစံတစ်ခုပေါ်ထွက်လာခဲ့သည်။

ခုံနေရာ (၃၁)ခုံတွင် နေရာအများစုရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၇)ခုံ၊ ပေါင်းစည်းပြီး အင်ပြည့်အားပြည့်ဝင်ပြိုင်ကာ ခုံပိုမိုရလာခဲ့သော မွန်ညီညွတ်ရေးပါတီက (၆)ခုံနှင့် ဖွဲ့စည်းပုံအရ အလိုအလျောက်ပါဝင်ခွင့်ရထားသည့် တပ်မတော်သားကိုယ်စားလှယ် (၈)ခုတို့က လာမည့် ငါးနှစ်တာ မွန်ပြည်နယ်၏ ဉပဒေပြုရေးနှင့် အစိုးရအဖွဲ့ထိန်းကျောင်းရေးကို ဘယ်လိုပုံစံမျိုးနှင့် ဆောင်ရွက်သွားမယ်ဆိုတာကို စောင့်ကြည့်ရမည်ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင် ပေါ်ထွက်လာသော မွန်ပြည်နယ်လွှတ်တော်အခင်းအကျင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ဖြစ် စုံလင်လှသည်။

ယင်းအပြင် လွှတ်တော်ဒုဥက္ကဌနေရာအတွက် ခန့်ထားခြင်းခံရသော ဦးမင်းမင်းဦးမှ ဝန်ကြီးချုပ်ဖြစ်သွားပြီးနောက် ယင်းလစ်လပ်နေရာအတွက် (၁)ဦးထဲ အနိုင်ရခဲ့သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ဒေါက်တာအောင်နိုင်ဦးက မဲအသာရကာ ယင်းနေရာကို သက်တမ်းကုန်ဆုံးသည်အထိ ဆက်ခံခဲ့သည်။

လာမည့် ၂၀၂၁ ဖေဖော်ဝါရီလတွင် စတင်မည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်တွင်ကား အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွန်ညီညွတ်ရေးပါတီတို့၏ အားပြိုင်မှုကို တွေ့လာရတော့မည်ဖြစ်သည်။

လွှတ်တော်အကြီးအကဲနေရာဖြစ်သော ဥက္ကဌနှင့် ဒုဥက္ကဌနေရာအတွက် လွှတ်တော်ကသာ မဲပေးရွေးချယ်ခွင့်ရှိသည်ဖြစ်ရာ လွှတ်တော်တွင်း ခုံနေရာ (၁၇)ခုရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စိတ်ကြိုက်ရွေးချယ်ခွင့်ရဖို့ အားသာချက်ရှိနေခဲ့သည်။

သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း ရာထူးဆိုင်ရာအားပြိုင်မှုများရှိနေပါက လျှို့ဝှက်ဆန္ဒမဲပေးမှုမှာ အခရာဖြစ်နိုင်ပြီး မထင်မှတ်သော အပြောင်းအလဲများရှိနိုင်မည်လား (သို့တည်း မဟုတ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနဦးအသားပေးနေသည့် အမျိုးသားညီညွတ်ရေးပုံစံအရ လုံလောက်သောအင်အားမရှိသော်လည်း တစုံတရာအင်အားရှိနေသည့် မွန်ညီညွတ်ရေးပါတီအတွက် လွှတ်တော်အကြီးအကဲနေရာကို (၁)နေရာရနိုင်ခြေရှိမည်လားဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။

တဖက်တွင်လည်း တပ်မတော်သားကိုယ်စားလှယ်များ၏ ရပ်တည်မှုက ဘယ်သူ့အတွက် ဖြစ်မည်လည်းဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှပါသည်။

ပုံမှန်အားဖြင့် လွှတ်တော်သက်တမ်း(၂)ခုတွင် အဓိကကျသည့် အရေးအရာမှလွဲပြီး ကိစ္စတော်တော်များများတွင် မပါဝင်နေသည့် တပ်မတော်သားကိုယ်စားလှယ်များ၏ အခန်းကဏ္ဍမှာလည်း ထူးခြားသည်။

စွမ်းဆောင်ရည်မြင့်လွှတ်တော်အကြီးအကဲနှစ်ဦးတာဝန်ယူခဲ့သည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အပြီး တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ကို ဦးစီးတာဝန်ယူမည့်သူမှာ အမှန်ပင်တာဝန်ကြီးပါသည်။

ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်အဆင့်မှ ပြည်နယ်လွှတ်တော်သို့ ဝင်ရောက်ယှဉ်ပြိုင်လာပြီး အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်အဆင့် အကြီးအကဲများ၏ လွှတ်တော်နှင့် အစိုးရအဖွဲ့အကြီးအကဲရာထူးတာဝန်များအတွက် နေရာယူမှုဆိုင်ရာအခြေအနေများကို တစ်စုံတစ်ရာမပြောနိုင်သော်လည်း ယင်းတို့အကြား အားပြိုင်မှုများရှိလာနိုင်ခြင်းကလည်း ရလဒ်အပြောင်းအလဲအဖြစ် ရှုမြင်နိုင်သလို ဝါရင့်လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကလည်း တမျိုးတဖုံအရေးပါနေနိုင်ပါသေးသည်။

ဘယ်လိုအခြေအနေအမျိုးမျိုးရှိနေသော်လည်း လာမည့် လပိုင်းအတွင်း မွန်ပြည်နယ်လွှတ်တော်၏ အခင်းအကျင်းတွင် ဘယ်သူတွေနေရာယူပါဝင်မည်လည်းဆိုသည်မှာ ပုံပေါ်လာတော့မည်ဖြစ်သည်။

သံလွင်တိုင်းမ်သတင်းဌာန

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.