မော်လမြိုင် ၊ နိုဝင်ဘာ (၁၆)

ရေးမြို့နယ် အစွန်အဖျားဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးဖို့ အနိုင်ရ ကိုယ်စားလှယ်တွေကို ဒေသခံ လူငယ်တွေက တောင်းဆိုလိုက်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ရေးမြို့နယ်မဲဆန္ဒနယ်ကို မွန်ညီညွတ်ရေးပါတီကသာ နေရာပြည့် အနိုင်ရရှိခဲ့ပါတယ်။

အနိုင်ရ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရေးမြို့ပေါ်တင် မကဘဲ အစွန်းအဖျား ဒေသရဲ့ ဖွံ့ဖြိုးရေးကိုပါ ဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

လာမယ့်အစိုးရအသစ်သက်တမ်းမှာ ရေးမြို့က လျှပ်စစ်မီးပြသနာတွေနဲ့ မူးယစ်ဆေးဝါးပြသနာတွေကို အနိုင်ရ ကိုယ်စားလှယ်လောင်းတွေက ဖြေရှင်းပေးဖို့ ဒေသခံ လူငယ်တွေက တောင်းဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ ရေးမှာလိုအပ်နေတဲ့ လျှပ်စစ်မီး မဟာဓာတ်အားလိုင်းတွေ ကျေးရွာတွေဘက်မှာဆို လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိတယ် လျှပ်စစ်မီးရဖို့လည်း လိုအပ်တယ်။ ကျွန်တော်တို့လူငယ်တွေအကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ မြင့်တက်နေတယ် ဒါတွေကို တာဝန်ယူ ဖြေရှင်းပေးစေချင်တယ်”လို့ ရေးဒေသခံလူငယ် အာကာမင်းက ပြောပါတယ်။

နေရာပြည့်အနိုင်ရထားတဲ့ မွန်ညီညွတ်ရေးပါတီကလည်း လက်ရှိအာဏာရပါတီ NLD ထက် ဒေသဖွံ့ဖြိုးရေးကို ပိုမိုဆောင်ရွက်နိုင်အောင် အနိုင်ရ ကိုယ်စားလှယ်တွေကို တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။

“MUP ကိုယ်စားလှယ် (၅)ဦးလုံးအနိုင်ရခဲ့သော တာဝန်က ပိုကြီးသွားတယ်၊ သူတို့ထက်မသာတောင် တန်းတူလုပ်ပြဖို့အတွက် အားသွန်ခွန်စိုက်ကြိုးစားရုန်းကန်ရတော့တယ်၊ ဒီလိုမှမလုပ်ရင် ကျွန်တော်တို့ရဲ့ အနိုင်ရလဒ်က ထူးခြားမှုရှိမှာမဟုတ်ဘူး၊ ပိုပြီးလုပ်နိုင်အောင် တိုက်တွန်းရမှာပဲ ” လို့ ရေးမြို့နယ် မွန်ညီညွတ်ရေးပါတီ အောင်နိုင်ရေးအဖွဲ့ ဒု-ခေါင်းဆောင် နိုင်စိုးပိုင်က ပြောပါတယ်။

 ရေးမြို့နယ်ဟာ အခုချိန်ထိ အစိုးရ လျှပ်စစ်မီး မရရှိသေးတဲ့ ဒေသဖြစ်ပြီး အစွန်းအဖျား ဒေသက ကျေးရွာတော့မှာတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေက ဆိုထားပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.