မော်လမြိုင် ၊ နိုဝင်ဘာ (၁၃)


ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းစေရေးအတွက် တိုင်းရင်းသားပါတီတွေ ပူးပေါင်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နိုဝင်ဘာလ(၁၂)ရက်နေ့ ညပိုင်းမှာ  အိတ်ဖွင့်စာ ပေးပို့ခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရထားတာပါ။

တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်တွေက NLDပါတီ ရဲ့ ရည်မှန်းချက်တွေနဲ့ တူညီကြတာမို့ အနာဂတ်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့  နိုဝင်ဘာလ (၁၂)ရက်နေ့ ညပိုင်းမှာ NLD က အိတ်ဖွင့်စာ ပေးပို့ပြီး ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။

မတူကွဲပြားတဲ့အခြေအနေရှိနေပါကလည်း ညီနောင်တိုင်းရင်းသားပါတီတွေနဲ့ လွတ်လပ်စွာဆွေးနွေးပြီး ရည်ရွယ်ချက်ပန်းတိုင်ဆီကိုသွားရောက်ဖို့ ကမ်းလှမ်းတာလို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က က ပြောပါတယ်။

“ ဒါကတော့ ကျွန်တော်တို့ ကမ်းလှမ်းလိုက်တာပေါ့လေ၊ ဒီမိုကရေစီဖက်ဒရယ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ မတူကွဲပြားတဲ့အခြေအနေရှိရင်လည်း ညီနောင်တိုင်းရင်းသားပါတီတွေနဲ့ လွတ်လွတ်လပ်လပ်ဆွေးနွေးမယ်၊ သဘောထား တွေညှိနှိုင်းပြီးတော့ ကိုယ်ရည်ရွယ်တဲ့ရည်မှန်းချက်တူညီတဲ့ဆီကိုသွားဖို့ ဒါပါပဲခင်ဗျ ” လို့  ပြောပါတယ်။

အခုလို ကမ်းလှမ်းတာနဲ့ ပတ်သက်ပြီးတော့ မွန်ညီညွတ်ရေးပါတီထံ တရားဝင်အကြောင်းကြားတာမျိုးတော့ မရှိသေးဘူးလို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။

“ကျွန်တော်တို့ရုံးချုပ်ကို မရောက်သေးဘူး၊ အကယ်၍ တရားဝင်ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ကမ်းလှမ်းလာတဲ့အကြောင်းအရာကိစ္စရပ်တွေအပေါ်မှာကြည့်ပြီးတော့ပဲ ကျွန်တော်တို့ကပြောနိုင်မယ်၊ ကျွန်တော်တို့ တစ်နိုင်ငံလုံးအရေးကိစ္စ ကျွန်တော်တို့သွားမယ် ဖက်ဒရယ်နိုင်ငံကိုသွားဖို့ဆိုတာ တိုင်းရင်းသားအားလုံး၊ ဒီမိုကရက်တစ်အင်အားစုအားလုံး ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတစ်ခုဆိုတာ ကျွန်တော်တို့က မူလကတည်းက ခံယူထားပြီးသားပါ ” လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ NLD ပါတီက အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရထားပြီး တိုင်းရင်းသားပါတီတွေကလည်း အရင်ကထက် ပိုပြီး အားကောင်းလားတဲ့ အနေအထားမှာ ရှိနေပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.