မော်လမြိုင် ၊ နိုဝင်ဘာ (၈)

ဆန္ဒမဲလာပေးသူတွေထဲမှာ ကိုဗစ်အတည်ပြုလူနာတွေ တွေ့ရှိခဲ့တယ်လို့ သထုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သထုံမြို့နယ် လိပ်အင်းရပ်ကွက်က မဲရုံမှာ ဆန္ဒမဲထည့်ခဲ့သူအမျိုးသားတစ်ဦးအပါအဝင် စုစုပေါင်း (၃) ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တာပါ။

မဲပေးပြီးတဲ့နောက်ပိုင်း သူတို့တွေဟာ အနံ့မရလို့ဆိုပြီး သထုံဆေးရုံ Fever Clinic သို့ခေါ်ဆောင်ကာ RDT နဲ့ စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ မဲမပေးခင် အနံ့မရလို့ဆိုပြီးတော့ လာစစ်တာ အဲဒီတစ်ယောက်က ပိုးတွေ့သွားတယ်၊ နောက် အနံ့မရတာပဲ နှစ်ယောက်ပိုးတွေ့လို့ ကျွန်တော်တို့ နေရာခွဲလိုက်တယ်၊ စစ်ဆေးလိုက်တော့ ညနေတော့ အဖြေက ပိုးတွေ့သွားတယ်၊ အဲဒီမှာ တစ်ယောက်က မဲရုံမှာ မဲသွားပေးပြီးပြီ၊ နောက်တစ်ယောက်က ကြိုတင်မဲပေးပြီးပြီ၊ ရွေးကောက်ပွဲနေ့မှာ နှစ်ယောက်တွေ့တယ်၊ ဒီနေ့မှာ တစ်ယောက်တွေ့တယ်ပေါ့၊ အားလုံးပေါင်း (၃)ယောက်ရှိပြီး”လို့ သထုံမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့လူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ၎င်းတို့နဲ့ ဆက်စပ်ခဲ့တဲ့သူတွေကိုတော့ သထုံမြို့ Computer တက္ကသိုလ်ကို ပို့ထားစောင့်ကြည့်စစ်ဆေးထားတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲပေးဖို့ အခြားတိုင်းနဲ့ပြည်နယ်က ပြန်လာသူတွေကို ပိုးမရှိမရှိ တစ်ကြိမ် စစ်ဆေးပြီးနောက် quarantine မထားတော့ဘဲ home quarantine သာ နေထိုင်စေခဲ့တာပါ။

“ ရန်ကုန်ကနေပြန်လာတဲ့သူတွေက (၁၀၀)လောက်ရှိတယ်၊ စစ်တောင်းတံတားထိပ်မှာ တစ်ကြိမ်စစ်ဆေးတယ်၊ ပိုးတွေ့သူကိုတော့ မော်လမြိုင်ကို ပို့ဆောင်တယ်၊ ပိုးမတွေ့သူတွေကတော့ သထုံကို ပြန်လာပေါ့၊ အဲဒီမှဆိုရင် (၁၀၀)လောက်ရှိမှာပေါ့၊လို့ သထုံမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းဦးက ပြောပါတယ်။

နိုဝင်ဘာလ (၉) ရက်နေ့ထိစာရင်းအရ သထုံမြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ (၅၀) ကျော်ရှိပြီး အနံ့မရလို့ စစ်ဆေးရာမှာ ပိုးတွေ့လူနာတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.