မော်လမြိုင် ၊ နိုဝင်ဘာ (၆)

ပါတီကိုယ်စားလှယ် မစုံမလင်နဲ့ ကြိုတင်မဲတွေ ကောက်ခံနေတာကြောင့် ကော်မရှင်ကို ကန့်ကွက်စာ ပေးပို့ထားတယ်လို့ ရေးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးမျိုးဝင်းက ပြောပါတယ်။

ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေမှာ လာရောက်မဲမပေးနိုင်တဲ့ အသက်(၆၀)အထက် မဲဆန္ဒတွေကို အိမ်အရောက် ကြိုတင်မဲ ကောက်ခံနေတာ ဖြစ်ပါတယ်။

ကျေးရွာအတော်များများမှာ ပါတီကိုယ်စားလှယ်တွေအစုံအလင်မရှိဘဲ လမ်းတကာလှည့်ပြီး  ကြိုတင်မဲတွေ မကုန်မချင်းကောက်ခံနေတာကြောင့် ဖြောင့်မတ်မှန်ကန်မှု မရှိမှာစိုးရိမ်လို့ ကန့်ကွက်ထားတာဖြစ်တယ်လို့ ဦးမျိုးဝင်းက ဆိုပါတယ်။

“ နည်းနည်းဆိုရင်လည်းမပြောပါဘူး၊ ခုက အကြီးအကျယ်ကိုဖြစ်နေတဲ့အတွက်ကြောင့် ကန့်ကွက်ထားတယ်၊ ပါတီကိုယ်စားလှယ်တွေ မစုံမလင်နဲ့မဲကိုလိုက်ကောက်တော့ ကော်မရှင်တွေသမာသမတ်ရှိရင် ကိစ္စမရှိပေမယ့် ကော်မရှင်တွေကိုယ်တိုင်က သူတို့ရဲ့စိတ်အသီးသီးမှာ သူတို့အားပေးချင်တဲ့ပါတီတွေရှိနေရင် အဲဒီမဲဟာ ဘယ်လိုမှဖြောင့်မတ်မှန်ကန်တဲ့မဲတွေ မဖြစ်တော့ဘူး”လို့ ဆိုပါတယ်။

အခုလို လုပ်ဆောင်ခဲ့လို့ ပါတီကိုယ်စားလှယ်လောင်းတွေ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲအလွန်မှာ ကန့်ကွက်စာတွေ ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။

တိုင်ကြားမှုနဲ့ပတ်သက်လို့ ရေးမြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပါဘူး။

ရပ်ကျေးကော်မရှင်ကတော့ မိမိတို့အနေနဲ့ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်နေပြီး နာမကျန်းဖြစ်နေတဲ့အိမ်တွေကိုသာ ကြိုတင်မဲတွေ အိမ်တိုင်ရာရောက် လိုက်လံကောက်ခံပေးနေတယ်လို့ အံဒင်ကျေးရွာအုပ်စု ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ  ဦးမင်းမြင့်သိန်းကပြောပါတယ်။

ကြိုတင်မဲပေးခွင့်ရှိသူ ရေးမြို့နယ်အတွင်း (၂၅၀၀၀)ကျော်ရှိနေပြီး နိုဝင်ဘာလ (၅)ရက်နေ့အထိ (၂၂၀၀၀)ကျော် မဲပေးခဲ့ပြီးဖြစ်ပါတယ်။

ရေးမြို့နယ်မှာ မဲဆန္ဒရှင်ပေါင်း (၂၂၆၆၀၀) ဦး၊ မဲရုံပေါင်း (၁၃၀) ရုံရှိပြီး ပါတီ (၁၁)ခုမှ တစ်သီးပုဂ္ဂလနဲ့ တိုင်ရင်းသားရေးရာကိုယ်စားလှယ်လောင်းတွေအပါအဝင် ကိုယ်စားလှယ်လောင်း (၄၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.