မော်လမြိုင် ၊ နိုဝင်ဘာ (၆)

UEC အမှတ်အသားမပါတဲ့ တံဆိပ်တုံးအတုနဲ့  ကြိုတင်မဲတွေကို ပယ်မဲအဖြစ်သတ်မှတ်ပြီး မဲဆန္ဒရှင်တွေကို နောက်တစ်ကြိမ် ထပ်မံမဲပေးစေခဲ့တယ်လို့ ပေါင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါင်မြို့နယ် အင်းဗြောင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာရှိ မဲရုံအမှတ်(၁)မှာ အသက်(၆၀)နှစ်အထက် ကြိုတင်မဲပေးနေစဉ် နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှာ မဲဆန္ဒရှင် ၂၃ ဦးမြောက်ဆန္ဒမဲပေးသည့်အချိန်တွင် အဆိုပါမဲတံဆိပ်တုံးတစ်ခုတွင် UEC အမှတ်တံဆိပ်ပါရှိခြင်းမရှိဘဲ ဆန္ဒမဲပေးနေသည်ကို မဲရုံဝန်ထမ်းများက စိစစ်တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ တံခွန်တိုင်ကျေးရွာရှိ မဲရုံအမှတ်(၁)ကို UEC အမှတ်အသားပါတံဆိပ်တုံး (၆)တုံးချပေးထားသော်လည်း UEC အမှတ်အသား ပါရှိခြင်းမရှိသည့် တံဆိပ်တုံးတစ်ခုပိုနေကြောင်း စိစစ်တွေ့ရှိခဲ့ရတာပါ။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်‌ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ မဲခွဲဆုံးဖြတ်ချက်အရ  ပယ်မဲအဖြစ် သတ်မှတ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှာ ဆန္ဒမဲအသစ်ပြန်လည်ပေးစေခဲ့တာလို့ ဆိုပါတယ်။

“ဒီနေ့မနက်(နိုဝင်ဘာလ ၅ )ရက် နံနက် ၉ နာရီမှာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့(၂၄)ယောက်ကနေ အစည်းအဝေး လုပ်တယ်။(၂၃) ယောက်ကတော့ သူတို့မသိပဲနဲ့ တံဆိပ်တုံးအမှားနဲ့ပေးလိုက်တဲ့အတွက်ကို သူတို့ရဲ့အခွင့်အရေးက ဆုံးရှုံးတယ်လေ၊ အဲဒါနဲ့ပဲ မဲပြန်ပေးခိုင်းလိုက်တယ်။ တံဆိပ်တုံးအတုနဲ့ ထုထားတဲ့ဟာတွေကို ကျတော့ ပယ်မဲလုပ် လိုက်တာပေါ့နော်၊ အဲလိုမျိုးဆုံးဖြတ်ချက်ချလိုက်တာ ၂၃ ယောက်က ထောက်ခံတယ်၊ ၁ ဦးက မထောက်ခံဘူး၊ အဲဒါနဲ့ မဲခွဲဆုံးဖြတ်ချပြီး လိုက်တော့ မဲခွဲတာနိုင်သွားတယ်၊ ချက်ချင်းပဲ အင်ဗြောင်းရွာကို ချက်ချင်းဆင်းပြီးတော့ မဲပြန်ပေးခိုင်းလိုက်တယ်၊ ၂၃ ယောက်လုံးပေးလို့ပြီးသွားတယ်”လို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သီရိဖြိုးက ပြောပါတယ်။

ဒါ့အပြင် တံဆိပ်တုံးထုရမှာဖြစ်ပေမယ့် အမှန်ခြစ်ထားတဲ့ ကြိုတင်မဲတွေကိုလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်စဉ်တွေ ရွေးကောက်ပွဲနေ့မှာ မဖြစ်ပေါ်စေဖို့အတွက် မဲရုံအဖွဲ့ဝင်တွေကီု သင်တန်းတစ်ရက် ထပ်မံ ပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ (၁၈)သိန်း လေးသောင်းကျော်ရှိပြီး အသက်(၆၀)အထက် ကြိုတင်မဲတွေက (၄)သိန်းကျော် ရှိနေပါတယ်။

အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်များအနေနဲ့ ကြိုတင်မဲတွေကို အောက်တိုဘာလ(၂၉)ရက်မှ နိုဝင်ဘာလ(၅)ရက်နေ့အတွင်း သတ်မှတ်ထားသော်လည်း ကျန်ရှိနေတဲ့သူတွေရှိမယ်ဆိုရင် နိုဝင်ဘာ ၈ ရက်နေ့အထိ ဆန္ဒမဲပေးနိုင်တယ်လို့ ဆိုပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.