မော်လမြိုင် ၊ နိုဝင်ဘာ(၅)

မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေကို ရွေးကောက်ပွဲနေ့မှာ ဖြေလျော့ပေးသွားမယ်လို့ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။

မွန်ပြည်သစ်ပါတီ COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီ(ဗဟို)က ကပ်ရောဂါဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားခဲ့တာပါ။ ထုတ်ပြန်ချက်တွေမှာတော့ မော်တော်ယာဉ်တွေမှာ စီးနင်းရမယ့် လူဦးရေကို ကန့်သတ်ထားပြီး တစ်နေရာကနေ အခြား တစ်နေရာကို သွားမယ်ဆိုရင် ထောက်ခံချက်တွေ ယူဆောင်လာရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီစည်းကမ်းချက်တွေကိုတော့ နိုဝင်ဘာလ (၇)ရက်နေ့ကနေ (၉)ရက်နေ့အထိ ဖြေလျော့ပေးသွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။

” ကျွန်တော်တို့ထိန်းချုပ်နယ်မြေမှာ မော်တော်ယာဉ်တွေမှာ လိုက်ပါစီးနင်းတဲ့ခရီးသည်အရေအတွက်ကို ကိုဗစ်ကာလမှာ အများဆုံး ၇ ဦးပဲတင်ဆောင်ခွင့်ပြုထားတယ်၊ ဒါပေမယ့် မဲသွားပေးတဲ့ပြည်သူလူထုတွေ လွတ်လပ်စွာမဲသွားပေးနိုင်ဖို့ ကျွန်တော်တို့ဖြေလျှော့ထားတာရှိတယ်၊ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ လိုက်ပါစီးနင်းတဲ့အရေအတွက်ကို ကန့်သတ်မှုဖြေလျှော့ထားပေးတယ်၊ ရွေးကောက်ပွဲပြီးရင်တော့ အရင်ကထုတ်ပြန်ထားတဲ့အတိုင်းပဲ ပြန်လည်ထားရှိသွားမှာဖြစ်ပါတယ် ” လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။

မွန်ပြည်သစ်ထိန်းချုပ်ဒေသမှာ လုံခြုံရေးအရ မဲရုံဖွင့်လို့ မရတာကြောင့် ရေးအရှေ့ပိုင်း ချောင်းဖျားဒေသက ပြည်သူတွေအနေနဲ အဲ့ဒီဒေသရဲ့ အနီးဆုံးဖြစ်တဲ့ ကျောက်မိချောင်း ကျေးရွာအုပ်စုအတွင်းက မဲရုံတွေကို လာရောက် မဲထည့်ရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲဖြစ်စဉ်မှာ မွန်ပြည်သစ်ပါတီအနေနဲ့ အခုလို ပူးပေါင်းပါဝင်ပေးတာကို အားရကျေနပ်မိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

” အဲ့ဒီဒေသက လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းသူတွေအတွက် လုံခြုံရေးအရ အခက်အခဲရှိတော့ ကြိုတင်မဲက အဆင်မပြေဘူး၊ ခုလိုမွန်ပြည်သစ်ပါတီက ဖြေလျော့ပေးတာဟာ ကိုဗစ်မကူးစက်အောင်ထိန်းချုပ်နေတဲ့ကာလမှာ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ပူးပေါင်းပါဝင်မှုအတွက် အားရကျေနပ်မှုရှိတယ်၊ မွန်ပြည်သစ်ပါတီအနေနဲ့ ထဲထဲဝင်ဝင်ကူညီလို့က မရနေလို့ ကြိုတင်မဲယူဖို့ကတော့ ခက်ခဲတယ်၊ ခုလိုဖြေလျော့ပေးတာကိုပဲ ကျေးဇူးတင်တယ် ” လို့ ရေးမြို့နယ် မွန်လူငယ်အဖွဲ့ခေါင်းဆောင် မင်းစိုးသိန်းက ဆိုပါတယ်။

ရေးမြို့နယ်အရှေ့ပိုင်းထိန်းချုပ်ဒေသအတွင်းမှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၂၀၀၀) ဝန်းကျင် ရှိနေတာလည်း ဖြစ်ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.