အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်တွေ ပေါင်မြို့နယ်မှာ ကြိုတင်မဲပေးနေ

မော်လမြိုင် ၊ နိုဝင်ဘာ (၄)

ရွေးကောက်ပွဲနေ့မှာ  မဲဆန္ဒရှင်(၁၂)သိန်းကျော် မဲလာပေးမယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ခန့်မှန်းထားပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၁၈)သိန်း (၄)သောင်းကျော်ရှိပြီး အသက်(၆၀)အထက် ကြိုတင်မဲဆန္ဒရှင်ကတော့ (၄)သိန်းကျော် ရှိပါတယ်။

အသက်(၆၀) အထက် ကြိုတင် မဲတွေ ၊ ပြည်တွင်းပြည်ပ ကြိုတင်မဲတွေကို ဖယ်လိုက်မယ်ဆိုရင် မဲလာပေးမယ့်သူ (၁၂) သိန်းကျော် ရှိနိုင်တယ်လို့ ကော်မရှင်က ခန့်မှန်းထားပါတယ်။

“အသက် ၆၀ နဲ့အထက် ကြိုတင်မဲတွေလဲ လျော့သွားတာရှိတယ် နောက် ပြည်တွင်း ကြိုတင်မဲတွေ ရှိတယ်၊ နိုင်ငံခြား ကြိုတင်မဲတွေရှိတယ် အဲဒီကြိုတင်မဲတွေကို နှုတ်လိုက်မယ်ဆိုလို့ရှိရင် မဲရုံမှာ မဲလာပေးတဲ့ မဲဆန္ဒရှင်တွေ နည်းသွားမယ်”လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲလာပေးမယ့်သူတွေကိုလည်း N-95 mask တွေအပြင် ကျန်းမာရေးအထောက်အပံ့ပစ္စည်းတွေ လုံလုံလောက်လောက် ဖြန့်ဝေပေးဖို့ ကော်မရှင်က စီစဉ်ထားပါတယ်။

ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အမျိုးသမီးတွေ မဲထွက်ပေးမှု လျော့နည်းမှာကိုတော့ စိုးရိမ်တယ်လို့ အမျိုးသမီးအရေးတွေကို ဆောင်ရွက်ပေးနေတဲ့ မိချယ်ရီစိုးက ပြောပါတယ်။

“ရှိနေတဲ့အမျိုးသမီးနဲ့ မဲထွက်ပေးတဲ့ အမျိုးသမီးက တော်တော်နည်းတယ်။ ဒီကာလမှာ အခက်အခဲတွေ ရှိတော့ မဲထွက်မပေးမှာကို ကျွန်မတို့ စိုးရိမ်တယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူဦးရေရဲ့ (၅၁) ရာခိုင်နှုန်းခန့်သာ ဆန္ဒမဲ ထွက်ပေးခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.