မော်လမြိုင် ၊ နိုဝင်ဘာ (၃)

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲလာပေးသူတွေကို N-95 mask အပါအဝင် ကျန်းမာရေးပစ္စည်းတွေ လုံလုံလောက်လောက် ထောက်ပံ့ပေးမယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး လက်ရှိမှာတော့ ကြိုတင်မဲပေးတဲ့ လုပ်ငန်းတွေကို စတင်နေပြီး ဖြစ်ပါတယ်။

မဲလာပေးတဲ့ မဲဆန္ဒရှင်တွေကို ကိုဗစ်ရောဂါကာကွယ်နိုင်ရေးအတွက် N95 mask ထုတ်ပေးမယ့်အပြင် အပူချိန်တိုင်းတာတွေ လက်ဆေးတာတွေ ဆောင်ရွက်ပေးဖို့ကိုလဲ ကော်မရှင်က ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

 “N95 mask ကို မဲဆန္ဒရှင်အားလုံးကို ထုတ်ပေးမှာ မဲဆန္ဒရှင်က ရိုးရိုး mask နဲ့ လာရင် N95 mask နဲ့ လဲပေးမယ် အပူချိန်တိုင်းမယ် လက်ဆေးမယ် အဲဒါတွေ ဆောင်ရွက်ပြီးရင် မဲရုံထဲဝင်လာရင် ကိုဗစ်-၁၉ ညွန်ကြားချက်နဲ့အညီ ဝင်မယ်” မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

လက်ရှိမှာ ရောဂါကာကွယ်ရေးပစ္စည်းတွေကို မြို့နယ်တွေဆီ ဖြန့်ဝေထားပြီး မြို့နယ်ကနေတဆင့် ရပ်ကျေးကော်မရှင်တွေကို အချိန်မီ ဆက်လက်ဖြန့်ဝေထားတယ်လို့လဲ ကော်မရှင်က ပြောပါတယ်။

မဲလာပေးမယ့် မဲဆန္ဒရှင်တွေအနေနဲ့လည်း သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ  စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ကိုလည်း ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

မဲလာပေးသူတွေအနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိပါက ကြိုတင်အသိပေးရန် ၊ Mask တပ်ဆင်လာရန်၊ ၆ ပေခြား တန်းစီပြီး အပူချိန်တိုင်းခြင်း လက်ဆေးခြင်း ဆောင်ရွက်ရန် မှတ်ပုံတင်ကို ပလပ်စတစ်အကြည်နဲ့ ထည့်ပြီး ပြသရန်၊ မှင်တို့ရာမှာ လက်ကို ခွက်နဲ့ မထိရန် အထူးသတိထားဆောင်ရွက်ဖို့နဲ့ မဲရုံအထွက်မှာလဲ လက်ဆေးဖို့ စတာတွေ လိုက်နာရန်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ မဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်း ၄ သောင်းကျော်ရှိပြီး မဲရုံ ၉၇၃ ရုံ ဖွင့်လှစ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.