မော်လမြိုင် ၊ နိုဝင်ဘာ (၂)

ပေါင်မြို့နယ် ကဒါရပ်ကွက်က ကြိုတင်မဲပုံးတွေထားတဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ cctv တပ်ဆင်တာနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ အငြင်းပွားခဲ့ကြပါတယ်။

အောက်တိုဘာလ ၃၀ ရက် မွန်းလွဲပိုင်းမှာ ပေါင်မြို့ ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံမှာ ထားရှိမယ့်ကြိုတင်မဲပုံတွေကို လုံခြုံမှုရှိစေဖို့ဆိုပြီးတော့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်ရဲ့ ညွှန်ကြားမှုနဲ့ CCTV ကင်မရာလာရောက်တပ်ဆင်ခဲ့ပြီး ၃ နာရီခန့်အကြာမှာတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ရှိသူတွေက ရွေးကောက်ပွဲဥပဒေနဲ့မညီဘူးဆိုပြီး လာရောက်ဖြုတ်သိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

အခုလို cctv တပ်ဆင်ဖို့အတွက် ဝန်ကြီးအနေနဲ့ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်ကို လာရောက်ညှိနှိုင်းခဲ့တာ မရှိသလို အခုလို ဆောင်ရွက်တာကလည်း ရွေးကောက်ပွဲဥပဒေနဲ့ မညီဘူးလို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောပါတယ်။

“ဘာမှ အကြောင်းမကြားပါဘူး၊ မကြားပါဘူး၊ အကြောင်းကြားခဲ့လည်း ဒါကြီးကို ဘယ်လိုကြီး ပေးတပ်လို့ ရမလဲဗျာ၊  ဥပဒေနဲ့မှ မညီတဲ့ဟာကြီးကို”လို့ ပြောပါတယ်။

ဝန်ကြီးဦးထွန်းမင်းအောင်ကတော့ “ ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏အိမ်နောက်ဖေးတံခါးလုံခြုံမှုမရှိခြင်း၊ ရုံးနေရာကျဉ်းလို့ မဲရုံကိုယ်စားလှယ်များအိပ်စောင့်ဖို့က အဆင်မပြေလို့ CCTV ကင်မရာကို တပ်ဆင်ပေးရန် မဲရုံကိုယ်စားလှယ်တွေရဲ့ တောင်းဆိုမှုနဲ့ ကဒါရပ်ကွက်ကော်မရှင်ဥက္ကဌကို တင်ပြပြီးမှသာ တပ်ဆင်ခဲ့တာဖြစ်တယ်လို့ ၎င်းရဲ့ လူမှုကွန်ယက်ဖေ့စဘုတ်စာမျက်နှာမှာ ပြန်လည် တုံ့ပြန်ရေးသားထားပါတယ်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ပါးက ကြိုတင်မဲပုံတွေ ထားရှိတဲ့ နေရာကို CCTV ကင်မရာတပ်ဆင်ဖို့ ညွှန်ကြားခဲ့တဲ့လုပ်ရပ်ဟာ ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ သူရဲ့ ဩဇာအာဏာ အသုံးချတာနဲ့အတူတူပဲလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ လူထုဆုံရပ်အဖွဲ့ဥက္ကဌ ဦးမောင်မောင်ဇော်ထွန်းက သုံးသပ်ပြောဆိုပါတယ်။

“တကယ်တမ်းကျတော့ သူကအခုအစိုးရရဲ့ ဝန်ကြီးတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့ UEC ရဲ့ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ဆောင်ချက်တွေကို သူ့အနေနဲ့ ကိုယ်တိုင်ဝင်ရောက်ပြီးလုပ်ဖို့က ဥပဒေအရ မရဘူး၊ ဒါ UEC ကို ဩဇာ အာဏာလွှမ်းမိုးတယ်လို့ပဲ၊ အဲလိုလုပ်လို့ မရဘူး၊ဘာကြောင့်လဲဆိုတော့ UEC က အစိုးရအဖွဲ့ရဲ့ လက်အောက်အဖွဲ့မဟုတ်ဘူး”လို့ ဆိုပါတယ်။

အသက်(၆၀)အထက် ကြိုတင်မဲပေးတာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတဲ့အပြင် ပေါင်မြို့နယ်အတွင်းက မဲရုံတွေမှာလည်း မဲလက်မှတ်ပေါ်ထုတဲ့ တံဆိပ်တုံးတွေ ခိုးယူလဲလှယ်ခံရတာတွေလည်း ရှိနေပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.