မော်လမြိုင် ၊ နိုဝင်ဘာ (၂)

ကိုဗစ်အတည်ပြု လူနာတွေနဲ့ အသွားအလာကန့်သတ်ထားသူတွေရဲ့ ကြိုတင်မဲတွေကို ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး ကောက်ခံနေပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အောက်တိုဘာ (၂၉)ရက်နေ့က စတင်ပြီး ကြိုတင်မဲတွေကို ကောက်ခံနေတာ ဖြစ်ပါတယ်။

အတည်ပြုလူနာတွေနဲ့ အသွားအလာကန့်သတ်သူတွေက ပုံစံ (၁၅) နဲ့ ကြိုတင်မဲလက်မှတ်တွေကို မိမိလက်နဲ့ ထိတွေ့ရမှာ မဟုတ်ဘဲ ကြိုတင်မဲလာယူတဲ့ ကျန်းမားရေးဝန်ထမ်းက (၆) ပေ အကွာကနေ ကိုယ်စား ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

“ပုံစံ(၁၅) နဲ့ မဲလက်မှတ်တွေကို သူ့လက်နဲ့ မထိတွေ့ဘူး ။ သတ်မှတ်အကွားအဝေးကနေ သူ့ကိုပြမယ် ဘယ်သူကို မဲထည့်ချင်လဲပေါ့။အိုကေပြီးဆို တံဆိပ်တုံးထုမယ် ဒါမှမဟုတ် အမှန်ခြစ်မယ်။ ပြီးရင် မဲစာအိတ်ထဲ ထည့်ပြီး ကော်မရှင်ကို အပ်မယ်”လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

ကြိုတင်မဲကောက်ယူထားတဲ့ စာအိတ်တွေကိုတော့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေထံ ပြန်လည်ပေးပို့သွားမှာဖြစ်ပြီး ချိတ်ပိတ်ထားမယ်လို့ ဆိုပါတယ်။

ကြိုတင်မဲသွားယူမယ့် အဖွဲ့ဝင်တွေနဲ့ စာအိတ်ပို့ပေးမယ့် အဖွဲ့ဝင်တွေကိုတော့ လုပ်ငန်းတွေ ဆောင်ရွက်ပြီးရင် အသွားအလာ ကန့်သတ်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

“ ကွာရန်တင်းစင်တာတွေမှာ ကြိုတင်မဲယူထားတဲ့ အဖွဲ့ဝင်တွေကိုလည်း ကျန်းမာရေးစောက်ရှောက်မှုအနေနဲ့ အသွားအလာ ကန့်သတ်ပြီး စောင့်ကြည့်ဖို့ ရှိပါတယ်”လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီး ဒေါမိုးဇင်မာဦးက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်းမှာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၈)သိန်း လေးသောင်းကျော် ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲထက် မဲပေးပိုင်ခွင့်ရှိသူ (၁)သိန်း ခွဲကျော် တိုးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.